မုဒုံမြို့နယ်၌ ယခုနှစ်ဆောင်းရာသီတွင် ဆီထွက်သီးနှံနေကြာ ၁၅၀၀ ဧက စိုက်ပျိုးမည်

မုဒုံ  အောက်တိုဘာ ၇

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းရာသီ ဆီထွက်သီးနှံနေကြာ ၁၅၀၀ ဧက စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဆီထွက်သီးနှံ နေကြာလျာထားချက်အတိုင်း ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် ကျေးရွာများအလိုက် တောင်သူပညာပေးဆွေးနွေးပွဲများ၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မြေသြဇာသုံးစွဲမှု စနစ်တကျ ဖြစ်စေရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်ပျိုးမှုနည်းပညာများ ဖြန့်ဝေပေးခြင်းနှင့် တောင်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်ထံမှ သိရသည်။

မုဒုံမြို့နယ်တွင် ဆီထွက်သီးနှံနေကြာကို တာပသွန်၊ ဘလောက်ညောင်ဝိုင်း၊ထောင်ကေး၊ ဖဲဒို၊ ကတုံးပေါ်၊ ကော့ပရံ၊ ကော့ခပုံ၊ ကွမ်တာကျေးရွာများတွင် လျာထားဧက ၁၅၀၀ ကို ပြည့်မီစွာ အချိန်မီစိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် လိုအပ်သည့်ပံ့ပိုးမှုများကို ဌာနဆိုင်ရာများက တောင်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)