မဟာအောင်မြေ အောက်တိုဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များကောက်ယူရာ ၄၈% ကောက်ယူပြီးစီးလျက်ရှိပြီး (၇)ရက်မြောက်နေ့အဖြစ် ယနေ့နံနက်ပိုင်းတွင် ရပ်ကွက်များသို့ ကွင်းဆင်း၍ ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များကို ဆက်လက်ကောက်ယူလျက်ရှိရာ မဟာအောင်မြေမြို့နယ်အတွင်း ရပ်ကွက် (၁၈)ရပ်ကွက်ရှိ ကောက်ကွက်ပေါင်း (၃၇၇)ကွက်၌ စာရင်းစစ် (၃၃)ဦး၊ စာရင်းကောက် (၁၂၃) ဦးက အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို Mobile Tablet များ အသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်ဖြင့် စနစ်တကျကောက်ယူခဲ့ရာ ရပ်ကွက် (၁၈)ရပ်ကွက်ရှိ ကောက်ကွက်ပေါင်း (၃၇၇)ကွက်အနက် (၁၈၃)ကွက် ကောက်ယူပြီးစီးပြီး ၄၈% ကောက်ယူပြီးစီးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ကျော်ထံမှ သိရသည်။
အဆိုပါ စာရင်းစစ်၊ စာရင်းကောက်ရာသို့ မြို့နယ်သန်းခေါင်စာရင်းကော်မတီ၊ စာရင်းကော်မတီဝင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း