မိတ္ထီလာမြို့နယ် ဥယျာဉ်ကျေးရွာ၌ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မိတ္ထီလာ အောက်တိုဘာ ၇

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် ဥယျာဉ်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ကျေးရွာကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ​ယမန့်နေ့ မွန်းလွဲပိုင်းက  တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ​ဒေါ်မြင့်ဝင်း၊ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် တာဝန်ရှိသူတို့က ဥယျာဉ်ကျေးရွာ ကျေးရွာစီမံကိန်းအထောက်အကူပြု ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။

မိတ္ထီလာမြို့နယ် တောမကျေးရွာအုပ်စု ဥယျာဉ်ကျေးရွာ၌ အရှည် ၆၆၀ပေ ၊ အကျယ် ၁၂ပေ ၊ ထု၆လက်မရှိ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို နိုင်ငံတော်ထောက်ပံ့ ရန်ပုံငွေကျပ်(၁၅)သန်း၊ ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် (၅.၇၀) သန်း၊ စုစုပေါင်း ငွေကျပ် (၂၀.၇၀) သန်းဖြင့် ဥယျာဉ်ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းအဖွဲ့၏ ဦးဆောင်မှုဖြင့်  ဩဂုတ်လ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ပါသဖြင့် ကျေးရွာရှိ အကျိုးပြုအိမ်ခြေ (၁၇၈)၊ အကျိုးပြု လူဦးရေ(၉၇၂)ဦးတို့အတွက် ပညာရေး ၊ ကျန်းမာရေး ၊ လူနေမှုအဆင့်အတန်းနှင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရှိရပါသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)