ဒဂုံအရှေ့ အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီက ကြီးမှူးကျင်းပသည့် မြို့တည် နှစ် ၃၀ ပြည့် ပုလဲရတုအထိမ်းအမှတ် ဖိတ်ခေါ်ဆောင်းပါးပြိုင်ပွဲ မကြွယ်ကြွယ်စာပေဆုနှင့် မြို့နယ်အကောင်းဆုံးစာကြည့်တိုက်ဆု (၂၀၂၄) ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ် ၇ ရပ်ကွက်၊ နှစ်ကျိပ်ရှစ်ဆူ သာသနာနုဂ္ဂဟဓမ္မာရုံကြီး၌ ကျင်းပခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုပူဇော်၍ ဖွင့်လှစ်ခဲ့ပြီး မကြွယ်ကြွယ်စာပေဆုဖြစ်မြောက်ရေးအဖွဲ့ နာယကဆရာတော် ဒေါက်တာအရှင်နေမိန္ဒက အဖွင့်အမှာစကား မြွက်ကြားတော်မူခဲ့သည်။
ဆက်လက်၍ စာပေဆုအကဲဖြတ်အဖွဲ့ခေါင်းဆောင် အမျိုးသားစာပေတစ်သက်တာဆုရှင် ဆရာကြီး အလင်္ကာကျော်စွာ ဦးစိန်လှိုင် (ကဗျာဆရာကြီး သူရဇော်) က စာပေဆုရွေးချယ်ရေးဆိုင်ရာများနှင့်ပတ်သက်၍ အမှာစကား ပြောကြားခဲ့ပြီး ဖိတ်ခေါ်ဆောင်းပါးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို တစ်ဦးချင်းပေးအပ်ခဲ့သည်။
ထို့နောက် မကြွယ်ကြွယ်စာပေဆုများကို ပေးအပ်ချီးမြှင့်ရာ ဘုရားပွင့်သည့်မြေစာမူဖြင့် အထူးဆုရရှိသူ ပိဋကတစ်ပုံဆောင် အရှင်မဏိဇောတ (ဝိနယဓရ) အားလည်းကောင်း၊ ဒဂုံမြို့သစ်၏ ပုလဲရတုအနှစ်အစုများစာမူဖြင့် အထူးဆုရရှိသူ ဆရာမ မနွယ် (ကလော) အား လည်းကောင်း၊အရှေ့ဒဂုံမှာလင်းသော လမင်းနှင့် ကြယ်တာရာများစာမူဖြင့် တတိယဆုရရှိသူ ဆရာစေတနာလှိုင် (ရေစကြို) အားလည်းကောင်း၊ မြို့သစ်မဟုတ်တော့သည့် မြို့သစ် သို့မဟုတ် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၏ ပုလဲရတုချိန်ခါစာမူဖြင့် ဒုတိယဆုရရှိသူ ဆရာကိုဦး (ဒဂုံ) အားလည်းကောင်း၊ ရန်ကုန်သမိုင်းထဲက အရှေ့ဒဂုံစာမူဖြင့် ပထမဆုရရှိသူ ဆရာ ကောင်းစည်သူအား တာဝန်ရှိသူများကဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ၂၀၂၄ ခုနှစ်အတွက် မြို့နယ်အကောင်းဆုံးစာကြည့်တိုက်ဆုကို မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလပြည့်ဇင်က ဆုရရှိသည့် အမှတ် (၁) ရပ်ကွက်၊ ရောင်ခြည်သစ် စာကြည့်တိုက်မှ တာဝန်ရှိသူများအား ဆုတံဆိပ်ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်