ကျိုင်းလပ် အောက်တိုဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ၂၀၂၄-၂၀၂၅ မိုးစပါးတင်း(၁၀၀)အထက် ထွက်ရှိရေး စံပြစိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မိုင်းပါလျှိုးအုပ်စု ရပ်ကျေးစာရေး၊ မြို့စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစိုးမင်းအောင်၊ မြို့ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ ဦးစီးမှူး ဦးမောင်မောင်တာနှင့်ဝန်ထမ်းများက ကျိုင်းလပ်မြို့မြို့ မိုင်းပါ လျှိုးအုပ်စု၊ ဝမ်မီးမိုင်ကျေးရွာရှိ ကွင်းအမှတ်-၈၃၊ ဆည်ရေသောက် ဧရိယာကွင်းတွင် တောင်သူ ဦးအိုက်ကွမ်း စိုက်ပျိုးထားသော ဆင်ဧကရီ- ၃ စပါးစိုက်ခင်းကို ၆.၆ ပေပတ်လည်စံကွက် ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် မိုးစပါး ဆင်ဧကရီ- ၃ အစိုအထွက်နှုန်း (၁၃၂.၈၁)တင်းနှင့် အခြောက်ထွက်နှုန်း (၁၂၂)တင်း ထွက်ရှိကြောင်း သိရသည်။
စန်းစန်းမြင့်(ပြန်/ဆက်)