ရန်ကုန် နိုဝင်ဘာ ၂၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ် ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ထားသော သိမ်ဖြူလက်ဝှေ့ရုံရှိ Community Based Facility Quarantine Centre တွင် စားသောက်ရေးကဏ္ဍရပ်များတွင် အထောက်အကူ ဖြစ်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက We Love Yangon ( Mingalar Taung Nyunt) ပရဟိတ အဖွဲ့မှ ကြက်ဥအလုံး (၉၀၀) ကို Quarantine Centre သို့ လာရောက် လှူဒါန်း ပေးခဲ့သည်။
သိမ်ဖြူလက်ဝှေ့ရုံ Community Based Facility Quarantine Centre တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသွားအလာကန့်သတ်စောင့်ကြည့်ထားသူ (၇၉) ဦးအထိရှိပြီး နေ့စဥ်အာဟာရကျွေး မွေးနိုင်ရေးတို့အတွက် အလှူရှင်များမှ လာရောက် လှူဒါန်းခြင်းနှင့် တာဝန်ရှိသူများက ချက်ပြုတ်ကျွေးမွေးခြင်း များရှိရာ အထောက်အပံ့တစ်ခု ဖြစ်စေနိုင်ရန် We Love Yangon (Mingalar Taung Nyunt) ပရဟိတ အဖွဲ့မှ မိမိတို့ အဖွဲ့ထံလှူဒါန်းပေးထားသော ကြက်ဥအလုံး (၉၀၀) အား ပြန်လည်လှူဒါန်းပေးခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် Quarantine Centre တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး လာရောက် လှူဒါန်းပေးခဲ့သည့် We Love Yangon (Mingalar Taung Nyunt) ပရဟိတအဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးမျိုးညွန့်အေးနှင့် အဖွဲ့ဝင်များအား ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ ကြောင်းသိရသည်။
ချစ်စုဝေ (ပြန်/ဆက်)