တုံတာ အောက်တိုဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာ(၁)ရက်မှစ၍ စတင်ကောက်ယူလျက်ရှိရာ ယနေ့တွင်လည်း နံနက်ပိုင်းမှစတင်ကာ မြို့နယ်သန်းခေါင်စာ ရင်းကော်မတီ၏ကြီးကြပ်မှုဖြင့် စာရင်းစစ်၊ စာရင်းကောက်ယူရေးအဖွဲ့မှ ရပ်ကွက်/ကျေးရွာများအတွင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များမှ တုံတာမြို့ရှိ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအချက်အလက်များ မှန်ကန်စွာရရှိစေရေးအတွက် တစ်အိမ်တက် တစ်အိမ်ဆင်းစနစ်ဖြင့် Mobile Tablet များအသုံးပြု၍ လူဦးရေနှင့် အိမ်အကြောင်းအရာ အချက်အလက်များ၊ အိမ်ထောင်စု မေးခွန်းပုံစံ(၆၈)ခုနှင့် အဖွဲ့အစည်းမေးခွန်းပုံစံ(၁၈)ခု တို့ဖြင့် ကွင်းဆင်းမေးမြန်းစာရင်းသွင်း ဖြည့်စွက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းကောက် ယူဆောင်ရွက်နေမှုများကို တုံတာမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်လတ်၊ မြို့နယ်ရဲတပ်ဖွဲ့မှစခန်းမှူး ဦးစိုင်းဖြိုးသီဟနှင့် မိုင်းပျဥ်းမြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြတ်မွန်(ပြန်/ဆက်)