လယ်ဝေးမြို့နယ်အတွင်း ရာဂီမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးသော မိုးစပါးစိုက်ဧရိယာများအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လှူဒါန်းသော မျိုးစပါးများ ထောက်ပံ့ပေးအပ်

လယ်ဝေး အောက်တိုဘာ ၆

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် စစ်တောင်းမြစ်ဘေးဝဲယာရှိ ကျေးရွာများ ရေကြီးနစ်မြုပ်ခြင်းများဖြစ်ပွားခဲ့ပြီး ကျေးရွာ ၁၁ ရွာတွင် မိုးစပါးစိုက်ဧရိယာများ ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါရေကြီးနစ်မြုပ်ခဲ့သည့် မိုးစပါးစိုက်ဧကများအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လှူဒါန်းသည့် မျိုးစပါးများအား ရေနစ်မြုပ်ကျေးရွာများမှ တောင်သူများအား ပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းက လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစောဝင်းက ရေကြီးနစ်မြုပ်ကာ ပျက်စီးမှုများအတွက် မြို့နယ်စိုက်ညှိအဖွဲ့မှ ကျေးရွာများသို့သွားရောက်၍ မိုးစပါးနှင့် အခြားသီးနှံများစိုက်ပျိုးနိုင်ရေး ဆွေးနွေးခဲ့ပါကြောင်း၊ မိုးစပါးစိုက်ဧကများအား ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လှူဒါန်းသည့် မျိုးစပါးများအား တောင်သူများထံ အမြန်ဆုံး ဖြန့်ဝေပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် တာဝန်ရှိသူများက ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာများမှ တောင်သူများအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လှူဒါန်းသည့် ရက် ၉၀မျိုးစပါးများ(တစ်ဧကလျှင် တစ်အိတ်နှုန်း)  ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက် )