သာစည်မြို့နယ်တွင် ရေကြီးနစ်မြုပ်ပျက်စီးသွားသော မိုးစပါးသီးနှံ အစားထိုးစိုက်ပျိုးရန် မျိုးစပါး ထောက်ပံ့ပေးအပ်

သာစည် အောက်တိုဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၌ ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်ပျက်စီးသွားသော မိုးစပါးသီးနှံ အစားထိုးစိုက်ပျိုးရန် တောင်သူ လယ်သမားအခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့၊  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထောက်ပံ့သော မျိုးစပါးပေးအပ်ပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူးရုံးတွင် ပြုလုပ်ကြောင်းသိရသည်။

ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဒေါ်ဌေးဌေးက ထောက်ပံ့ပေးသော မျိုးစပါးများကို တောင်သူများအကျိုးရှိစေရေန် စနစ်တကျစိုက်ပျိုးကြရန်နှင့် လိုအပ်သည်များကို မိမိတို့ဝန်ထမ်းများကလည်း ဆောင်ရွက်ပေးသွားမည့် အကြောင်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မျိုးစပါး ၁၇၀ တင်းကို ကျေးရွာအုပ်စု ၁၆ စုမှ မိုးစပါးပြန်လည်စိုက်ပျိုးမည့်တောင်သူများအားထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

သာစည်မြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် သီးနှံဧက ၅၉၂၂ ပျက်စီးခဲ့ရာတွင် မိုးစပါး ၁၅၆၀ ဧကပါရှိခဲ့ပြီး ၅၉၀ ဧကကိုမိုးစပါးပြန်လည်စိုက်ပျိုးမည်ဖြစ်ကြောင်းနှင့်ကျန်ဧက ၉၇၀ ကို ကုလားပဲ အစားထိုးစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။ ပြန်လည်စိုက်ပျိုးမည့်မိုးစပါး ၅၉၀ ဧကတွင် ယခင်က ဧက ၄၂၀ အတွက်ထောက်ပံ့ပေးပြီးဖြစ်ရာ ကျန်ဧက ၁၇၀ အတွက်ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်