ရန်ကုန် အောက်တိုဘာ ၆
ကျောက်တံတားမြို့နယ် ရွှေတံတားအထွေထွေစီးပွားရေးသမဝါယမအသင်းစု လီမိတက် ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၊ (၃၆)လမ်းအထက်ရှိ အသင်းရုံးဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ သဘာပတိအသင်းစုဥက္ကဋ္ဌ ဒေါ်မေမေတင်ကအမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဥမ္မာမြင့်က ရန်ကုန်တိုင်းဒေသကြီး အတွင်းဆောင်ရွက်လျက်ရှိသော သမဝါယမလုပ်ငန်းများဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းညွှန်ကြားချက်၊ ဝန်ကြီးဌာနနှင့်ဦးစီးဌာနမှ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အသင်းစုဒါရိုက်တာအဖွဲ့ အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများကိုအုပ်ချုပ်မှု ဒါရိုက်တာဒေါ်လေးလေးနွယ်က ဖတ်ကြားတင်ပြ၍ အသင်းဝင်ကိုယ်စားလှယ်များ၏ အတည်ပြုချက်များကိုရယူပြီး အသင်းဝင်များ၏ အစုပေါ်အမြတ်ငွေများကို ခွဲဝေပေးခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)