ရန်ကုန် အောက်တိုဘာ ၆
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့က စီစဉ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ စာအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအတွင်းနေထိုင်ကြသည့် ဆီစားသုံးသူမိဘပြည်သူများ စိတ်ချမ်းသာမှုရှိစေရန်အတွက် Call Centre များမှ မှာယူသော အိမ်ထောင်စုတစ်စုလျှင် တစ်လအတွက် တစ်ကြိမ်သုံးပိဿာနှုန်းဖြင့် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးလျက်ရှိသည်။
ယခုလို Call Centre မှ မှာယူကာ အိမ်တိုင်ရာရောက်ပို့ဆောင်ပေးသည့်အတွက် ဆီစားသုံးသူပြည်သူများက များစွာကျေးဇူးတင်လျက်ရှိကြသည်။ စျေးနှန်းအနေဖြင့် တနင်္လာနေ့တိုင်း သတင်းစာများတွင် ထုတ်ပြန်ပေးသည့် လက်ကားရည်ညွှန်းစျေးနှုန်းကို အခြေခံ၍ ကုန်ကျစရိတ်ကို ထည့်သွင်းတွက်ချက်ထားသည့် စျေးနှုန်းဖြင့် ရောင်းချဖြန့်ဖြူးပေးလျက်ရှိပြီး Delivery ခကို မှာကြားသည့် ဆီဝယ်ယူသူဘက်မှ ပေးချေရမည်ဖြစ်သည်။
ပစ္စည်းရောက် ငွေချေစနစ်ဖြင့်သာ ရောင်းချပေးလျက်ရှိသဖြင့် ဆီဖိုးကိုကြိုတင်ပေးချေရန်မလိုပါ။ မှာကြားရက်နှင့် ပစ္စည်းရောက်မည့်ရက်မှာ ငါးရက်ခန့်ကွာခြားနိုင်ပါသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆီစားသုံးသူပြည်သူများအား အိမ်တိုင်ရာရောက် Door to Door စနစ်ဖြင့် စားသုံးဆီများကို သြဂုတ်လမှစတင်ကာ ဆောင်ရွက်ခဲ့ပြီး ယခုအောက်တိုဘာလအထိဆို ၃ လရှိပြီး ဖြစ်ပါတယ်။ သြဂုတ်လသည် စမ်းသပ်ဆောင်ရွက်ရသည့်ကာလဖြစ်သည့်အတွက် အိမ်ထောင်စု တစ်သောင်းရှစ်ထောင်ခန့်အား Call Centre တွင် အမှာစာ လက်ခံရရှိသည့်အတွက် ပေးပို့ဖြန့်ဖြူးပေးခဲ့ပြီး ဖြစ်သည်။ စက်တင်ဘာလတွင်နောက်ထပ် Call Centre များတိုးချဲ့၍ စီစဉ်ဆောင်ရွက်ပေးခဲ့ရာ ပထမလျာထားချက် အိမ်ထောင်စု တစ်သိန်းနှစ်သောင်းခန့်ရှိမည်ဟု လျာထားရာ တစ်သိန်းငါးသောင်းခန့်အထိ အမှာစာရရှိခဲ့သည်။ ၎င်းအမှာစာတစ်သိန်းငါးသောင်းထဲမှ တစ်သိန်းနှစ်သောင်းခန့်ကို အိမ်တိုင်ရာရောက် Door to Door စနစ်ဖြင့်ဆီများ ဖြန့်ဖြူးပေးခဲ့ပြီး ယနေတွင်လည်း အမှာစာသုံးသောင်းကို ဆက်လက်ဖြန်းဖြူးပေးလျက်ရှိသည်။ စက်တင်ဘာလ ၂၃ ရက်မှစတင်ပြီး ထုတ်ပိုးမှုအပြင်အဆင်နှင့် ဝယ်ယူသူများ သယ်ယူမှုအဆင်ပြေစေရန် ၅ လီတာဘူးဖြင့် ၂ ပိဿာ ၇၅ ကျပ်သားဘူးများဖြင့် ဖြန့်ဖြူးပေးခဲ့သည်။
ယခုအောက်တိုဘာလတွင် အိမ်ထောင်စု တစ်သိန်းငါးသောင်းမှ တစ်သိန်းရှစ်သောင်းအထိ ဆီများကို တိုးချဲ့ဖြန့်ဖြူးပေးသွားရန် လုပ်ငန်းကော်မတီဝင်များက အသေးစိတ် လိုအပ်ချက်များကြီးကြပ်၍ စီစဉ်ဆောင်လျက်ရှိသည်။
လုပ်ငန်းစတင်ချိန်တွင် Call Centre တစ်ခုတည်းဖြင့် ဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် ဝယ်လိုအားများနေတဲ့အတွက် Call Center ဖုန်းလိုင်းခွဲ(၇)လိုင်းကနေ (၁၀)လိုင်းအထိ တိုးပြီး အမှာစာများကို လက်ခံဆောင်ရွက်ပေးလျက်ရှိရာ အမှာစာအကန့်အသတ်ဖြင့် သတ်မှတ်ထားခြင်းမရှိပါ။ စနေ၊ တနင်္ဂနွေနှင့် အစိုးရုံးပိတ်ရက်မပါ၊ နံနက် ၉ နာရီမှ ညနေ ၃ နာရီခွဲအထိ နေ့စဉ်အမှာစာများကို လက်ခံဆောင်ရွက်ဖြန့်ဖြူးလျက်ရှိပါသည်။ နှောင့်နှေးကျန့်ကြာမှုမရှိအောင် Delivery အဖွဲ့များကို တိုးချဲ့စီစဥ်ဆောင်ရွက်ပေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီအတွင်းရေးမှူး၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဒုတိယဥက္ကဋ္ဌ ဦးပိုင်ဖြိုးသန့်က ပြောသည်။
ယခုအစီအစဉ်သည် စားအုန်းဆီအရောင်းဆိုင်များသို့ သွားရောက်ဝယ်ယူရန် အခက်အခဲရှိသော အိမ်ထောင်စုများ၊ အချိန်မရကြသည့် ရုံးဝန်ထမ်းများ စားအုန်းဆီကို လျင်မြန်လွယ်ကူစွာဖြင့် အိမ်အရောက်ဝယ်ယူနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အနေဖြင့်လည်း ပြည်သူများ စားသုံးဆီ ပြတ်လပ်မှုမရှိစေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆီထွက်သီးနှံများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)