တပ်ကုန်း အောက်တိုဘာ ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း စက်တင်ဘာလက ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးသွားခဲ့သော မိုးစပါးသီးနှံပြန်လည်စိုက်ပျိုးနိုင်ရေး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထောက်ပံ့လှူဒါန်းသော မျိုးစပါးများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့မွန်းလွဲ ၂ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းညွန့်တို့က လယ်သမားများအနေဖြင့် စပါးသီးနှံများ ရေဘေးသင့်ထိခိုက်ပျက်စီးမှုများအပေါ် အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေး၊ မျိုးစပါးများအခမဲ့ရရှိ၍ လယ်သမားများအနေဖြင့် စပါးသီးနှံများကို အချိန်မီအလေးထားစိုက်ပျိုးနိုင်ရေး၊ အတန်းလိုက် မျိုးစေ့ချစနစ်ဖြင့် စိုက်ပျိုးနိုင်ရေးရှင်းလင်း၍ အားပေးစကားပြောကြားခဲ့ပြီးနောက် မြို့နယ် စိုက်ပျိုးရေး ကြီးကြပ်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌ ဦးတင်ထွန်းအောင်နှင့်တာဝန်ရှိသူများက လယ် သမားများလက်ဝယ်အရောက် ရက်(၉၀) မျိုးစပါး ၂၄၉ တင်းအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်