ကလော အောက်တိုဘာ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းတိန်ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး နေအိမ်အချို့၊ ဈေးများပျက်စီးခြင်း၊ ဘာသာရေးအဆောက်အဦအချို့ ပျက်စီးခြင်း၊ လမ်းတံတားအချို့ ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့သည့်အပြင် အခြေခံပညာအထက်တန်းကျောင်းပါ ရေဝင်နစ်မြုပ်ခဲ့သောကြောင့် ကျောင်းကိုယာယီပိတ်ထားခဲ့ရာ အောက်တိုဘာလ ၅ ရက်နံနက်ပိုင်းမှစ၍ အဆိုပါစာသင်ကျောင်း ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရသည်။
စာသင်ကျောင်း ဖွင့်လှစ်သင်ကြားနေမှုအခြေအနေများကို ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်၊ ညောင်ရွှေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမင်းဦးတို့ သွားရောက်ကြည့်ရှုခဲ့ပြီး ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများအား လိုအပ်သည်များ ထောက်ပံ့ဆောင်ရွက်ပေးခြင်း၊ ကျောင်းသား/ကျောင်းသူများအား အားပေးစကားပြောကြားခဲ့သည်။
ရေနစ်မြုပ်ခဲ့သည့် စာသင်ကျောင်း အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ကြီးကြပ်လမ်းညွှန်မှုဖြင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများဦးဆောင်၍ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာနေ ဒေသခံပြည်သူများ ပူးပေါင်း၍ စာသင်ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် စုပေါင်းလူအင်အားတို့ဖြင့် ရွှံ့နွံအမှိုက်များဆည်ယူခြင်း၊ စာသင်ခန်းများ၊ စာသင်ခုံများ၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရေကြီးနစ်မြုပ်ဒဏ်ခံခဲ့ရသော အင်းတိန်ကျေးရွာအား အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)