နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ခင်းများကို ခြောက်တန်းသွား ကောက်စိုက်စက်ဖြင့် ပြန်လည်စိုက်ပျိုးပေးနေမှုနှင့် လမ်းပြုပြင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၆

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ကွမ်းခြံကျေးရွာအနီး ကွင်းအမှတ်(၁၇၃၂)အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်သူဦးကျော်ဆန်း၏ မိုးစပါးစိုက်ခင်းဧက ၁၆ ဧကတွင် နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ ခြောက်တန်းသွား ကောက်စိုက်စက်များဖြင့် မိုးစပါးများ ပြန်လည်စိုက်ပျိုးပေးနေမှုကို သွားရောက်ကြည့်ရှုသည်။

ကြည့်ရှုစဉ် ဌာနဆိုင်ရာတာဝန်ရှိသူများက လယ်ဝေးမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  လယ်ယာမြေများအား ပြန်လည်စိုက်ပျိုးပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဌာနဆိုင်ရာများ၊ တောင်သူများနှင့် တွေ့ဆုံပြီး နေပြည်တော်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လယ်ယာမြေများအား အမြန်ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် မြေပြုပြင်ခြင်းလုပ်ငန်းများ၊ ရေထုတ်မြောင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ စိုက်ပျိုးရေးရရှိရေး၊ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေးတို့ကို အစီအမံများရေးဆွဲပြီး ဆောင်ရွက်စေလိုကြောင်း၊ လယ်ယာသုံး စက်ကိရိယာများကို စက်စွမ်းအားပြည့်ဖြင့် ဆောင်ရွက်ပေးနိုင်ရေးကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့ရှောင်လမ်း မိုင်တိုင်အမှတ်(၂၁၂/၃)တွင် လမ်းဦးစီးဌာနမှ လမ်းသားပျက်စီးနေမှုများကို ခြစ်ထုတ်ခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများကို စက်ယန္တရားများဖြင့် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)