ရမည်းသင်း အောက်တိုဘာ ၆
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၌ စက်တင်ဘာ ၁၀ ရက်နေ့က ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးသွားသော မိုးစပါးသီးနှံ ပြန်လည်စိုက်ပျိုးရန် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့သို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လှူဒါန်းထားသော မျိုးစပါးတင်း(၃၀)ထောက်ပံ့ပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ရမည်းသင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရမည်းသင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မြင့်စိုးက တောင်သူလယ်သမားများ၏ စိုက်ပျိုးသီးနှံများ ရေဘေးသင့်ထိခိုက်ပျက်စီးမှုများအပေါ် အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေး မျိုးစပါးများ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူများမှ စိုက်ပျိုးသီးနှံကို အချိန်မီ အလေးထားစိုက်ပျိုးရေး ဆွေးနွေးပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးသန့်က ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးသည့် တောင်သူများ အကျိုးကိုရှေးရှုကာ သက်လျင်စပါးမျိုးများ တစ်ဧကလျှင် တစ်တင်းနှုန်းထောက်ပံ့ပေးခြင်းနှင့် အချိန်မီ အတန်းလိုက် တိုက်ရိုက်မျိုးစေ့ချစနစ်ဖြင့် စိုက်ပျိုးကြရန် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့စက်မှုလယ်ယာဦးစီးမှူးဦး ဇော်လင်းထွန်းမှ အချိန်မီစိုက်ပျိုးနိုင်ရန် လယ်မြေများထွန်စက်ဖြင့် ထွန်းယက်အသုံးပြုနိုင်ရေးရှင်းလင်းပြောကြားပြီး ရမည်းသင်းမြို့နယ်အတွင်း ရာဂီမုန်းတိုင်အရှိန်ဖြင့် ထိခိုက်ပျက်စီးသည့် ဥသျစ်ကုန်းကျေးရွာအုပ်စု၊ ဆည်ကြီးကျေးရွာအုပ်စုနှင့် ကန်ဆွယ်ကျေးရွာအုပ်စုတို့မှ တောင်သူ(၃၀)ဦး၏ စပါးစိုက်ဧက(၃၀)အတွက် မျိုးစပါးများကို တာဝန်ရှိသူများက တောင်သူများထံပေးအပ်ရာ စိုက်ပျိုးသီးနှံပျက်စီးခဲ့သည့် ဆည်ကြီးကျေးရွာ တောင်သူဦးမိုးဝင်းက ကျေးဇူးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)