မိုင်းဖြတ် အောက်တိုဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုနှင့်တာဝန်ရှိသူများသည် အောက်တိုဘာလ ၆ရက် နံနက်ပိုင်းက မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ထိခိုက်ပျက်စီးခဲ့သည့် တံတားနှင့် ကန်လုံရေအားလျှပ်စစ်တို့၏ အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် တာချီလိတ်ခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့်အဖွဲ့ဝင်များသည် မိုင်းဖြတ်-မိုင်းခုတ်-မိုင်းဆက်သို့ ဆက်သွယ်ထားသည့် တံတားအမှတ် (၂/၉၅)၊ ဘေလီတံတား ၆၀ပေ ၄ ခန်း၊ ရေလည်တိုင် ၃ တိုင်အနက် အလယ်ရေလယ်တိုင်(P2)၊ (၁၅)ဒီဂရီခန့် တိမ်းစောင်းသွားမှုအခြေအနေအားလည်းကောင်း၊ နမ့်လုံချောင်းပေါ်ရှိ ကန်လုံပုဂ္ဂလိက ရေအားလျှပ်စစ် စက်ရုံ ရေကြီးရေလျှံမှုကြောင့် နုန်းထုတ်ပေါက်တံခါးနှင့် စက်ရုံရေဝင်မြောင်းတို့၌ သဲနုန်း(၁၅) ပေခန့်နှင့် သစ်မြစ်ဆုံ(၆ပေ)ခန့် ပိတ်ဆို့နေမှုကြောင့် လျှပ်စစ်မီးဖြန့်ဝေခြင်း မပြုနိုင်သည့်အတွက် မြေပြင်အခြေအနေများကို ကွင်းဆင်း ကြည့်ရူ့စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၀ရက်က မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် နမ့်လုံချောင်း ရေကြီးရေလျှံမှုများဖြးပေါ်ခဲ့ပြီး နမ့်လုံချောင်းသို့ ဆက်သွယ်ဖောက်လုပ် ထားသည့် ဝမ်ပုံတံတား (၁၅)ဒီဂရီခန့်တိမ်းစောင်းခြင်းကြောင့် ဆိုင်ကယ်နှင့်လူများသာ ဖြတ်သန်းခွင့်ပြုခြင်း၊ ပုဂ္ဂလိက ကန်လုံရေအားလျှပ်စစ် စက်ရုံတွင် နုန်းပိတ်၊ သစ်မြစ်ဆုံပိတ်ဆို့ခြင်းကြောင့် မြို့နယ်အတွင်း လျှပ်စစ်ဓါတ်အားဖြန့်ဝေပေးနိုင်ခြင်း မရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)