ချောင်းဆုံမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် (၂၁) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ ကျင်းပ

ချောင်းဆုံ  အောက်တိုဘာ  ၆

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် အတွင်းရှိ အသက်(၇၀)နှစ်နှင့်အထက် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီး(၂၃၀)ဦးတို့အား  ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အနေဖြင့် (၂၁)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ချောင်းဆုံ(အထက)ကျောင်း သီရိရတနာခန်းမတွင် ကျင်းပခဲ့ရာ အခမ်းအနားကို “အနန္တငါးဖြာ” သီချင်းဖြင့် ဆရာ၊ ဆရာမများမှ သီဆိုဖွင့်လှစ်ခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးသန်းမြင့်က မြတ်ဆရာပူဇော်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် ပရဟိတလုပ်ငန်း ဆောင်ရွက်သူ(၁)ဦးအား တာဝန်ရှိသူများမှ ဂုဏ်ပြုလွှာနှင့် ဆုများချီးမြှင့်ပေးခဲ့ကြသည်။

ဆက်လက်၍ မြတ်ဆရာပူဇော်ပွဲတက်ရောက်လာသူများမှ ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခြင်းနှင့် ဆရာကြီး၊ ဆရာမကြီးများကိုယ်စား အငြိမ်းစားဆရာကြီးတစ်ဦးမှ ဆုံးမဩဝါဒပေး၍ ဆုမွန်ကောင်း တောင်းပေးခဲ့ပြီး တာဝန်ရှိသူများမှ အပူဇော်ခံ ဆရာကြီး/ ဆရာမကြီးများအား ဂါရဝလက်ဆောင်ပေးအပ်ခြင်းနှင့် ကံစမ်းမဲများ ဖွင့်ပေါက်ပေးခြင်းများ ပြုလုပ်ခြင်းနှင့်  ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)