သထုံမြို့နယ်တွင် ရေကြီး‌ရေလျှံမှုများဖြစ်ပွားခဲ့သည့် ကျေးရွာများမှ ပြည်သူများအား အထူးကုဆရာဝန်ကြီးများနှင့်အဖွဲ့ နယ်လှည့်ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်

သထုံ     အောက်တိုဘာ     ၆

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းကာ သရက်ညီနောင်ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာတို့မှ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက်က အဆိုပါကျေးရွာ၏ ရွာဦးကျောင်းတိုက်ဓမ္မာရုံ၌   နယ်လှည့်ကွင်းဆင်း ဆေးကုသမှုများ ဆောင်ရွက်ခဲ့ကြသည်။

နယ်လှည့်ကုသရာတွင် မွန်ပြည်နယ်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမိသူဇာလှိုင်နှင့် သထုံခရိုင်ကုသရေးဦးစီးဌာနမှ ဒုတိယခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ဝင်းဇော်တို့ ဦးဆောင်သည့် အရိုး၊ သွား၊ သားဖွားမီးယပ်၊ ကလေး အထူးကုဆရာဝန်ကြီးများ၊  ခွဲစိတ်ဆရာဝန်ကြီးနှင့် အထွေထွေရောဂါကုသမားတော်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့တို့က သရက်ညီနောင်ကျေးရွာ ဈေးမသွယ်(အထက်) ကျေးရွာတို့နှင့် အနီးဝန်းကျင်ကျေးရွာများမှ ပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်း ကုသခြင်းနှင့် လိုအပ်သည့်ဆေးဝါးများ အခမဲ့ပေးအပ်ခြင်း၊ လိုအပ်သည့် ဆေးကုသမှုများ လမ်းညွှန်ပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါကွင်းဆင်းဆေးကုသရာတွင် ကျေးရွာနေပြည်သူ စုစုပေါင်း ၁၅၀ ဦးခန့်အား စစ်ဆေးကုသပေးခဲ့ကြပြီး သထုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် တာဝန်ရှိသူတို့မှ လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်တို့ကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်