တွံတေးခရိုင် သန်း‌ခေါင်စာရင်းကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ တွံတေးမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူနေမှုအား ကြည့်ရှုအားပေး

တွံတေး အောက်တိုဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ခရိုင်နှင့်မြို့နယ် သန်းခေါင်စာရင်းကော်မတီအဖွဲ့များက ဇီးဖြူကုန်း၊ သဝန်းတော၊ ဘုရားကြီး၊ ကျိုက်သလဲ ကျေးရွာအုပ်စုများသို့ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တွံတေးခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်နွယ်နှင့် ခရိုင်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များ၊ တွံတေးမြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် မြို့နယ်သန်းခေါင်စာရင်း ကော်မတီအဖွဲ့ဝင်များက ဇီးဖြူကုန်း၊ သဝန်းတော၊ ဘုရားကြီး၊ ကျိုက်သလဲကျေးရွာအုပ်စုများအတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူလျက်ရှိသည့် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များအား ကြည့်ရှုအား‌ပေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများအား အောက်တိုဘာ (၁) ရက်နေ့မှ(၁၅) ရက်နေ့ထိ ဆောင်ရွက်သွားမည်ဖြစ်ရာ တွံတေးမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၃)အုပ်စု၊ ကျေးရွာပေါင်း (၂၃၅) ရွာရှိ ကောက်ကွက်ပေါင်း (၅၁၄) ကွက်တို့၌ စာရင်းစစ်၊ စာရင်းကောက် (၂၁၄) ဦးက လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆက်လက်ကောက်ယူလျက်ရှိပြီး မြို့နယ်အဆင့် ရပ်/ကျေးအဆင့် ကြီးကြပ်မှုကော်မတီများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများက သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ အဆင်ပြေစွာဆောင်ရွက်နိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

တွံတေးသား