ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကမ္ဘာ့ဆရာများနေ့အခမ်းအနား ကျင်းပ

ဆီဆိုင် အောက်တိုဘာ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်  ကျောင်းသား၊ ကျောင်းသူများက “မြတ်ဆရာ”တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြို့နယ်ပညာရေးမှူး ဦးလှဝင်းက ကမ္ဘာ့ဆရာများနေ့ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဆီဆိုင်မြို့နယ်အတွင်း ပညာရေးဌာနမှ တာဝန်ထမ်းဆောင်ခဲ့သော  အငြိမ်းစား ဆရာ/ဆရာမကြီးများကို မြို့နယ်ပညာရေးမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများက ပူဇော်ကန်တော့ခဲ့ကြပြီး အငြိမ်းစားဆရာကြီးတစ်ဦးက ကျေးဇူးတင် ဩဝါဒစကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်ပညာရေးမှူးနှင့် ဝန်ထမ်းများက အငြိမ်းစား ဆရာ/ဆရာမကြီးများအား ဂါရဝလက်ဆောင်များပေးအပ်ခဲ့ကြပြီး အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက “လမ်းပြကြယ်”သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)