စဉ့်ကိုင်မြို့နယ် ပလိပ်ကျေးရွာအုပ်စုတွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ ကောက်ယူနေမှုအားကြည့်ရှုအားပေး

စဉ့်ကိုင် အောက်တိုဘာ ၆

နိုင်ငံ၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်ထဲမှ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေး​ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးလူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ(၁)ရက်နေ့မှစတင်၍ တစ်နိုင်ငံလုံး လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးလွင်နှင့်အဖွဲ့၀င်များ၊ မြို့နယ်ဦးစီးမှူး ဦးဉာဏ်စိုးနှင့် ၀န်ထမ်းများက အောက်တိုဘာ(၅)ရက် နံနက်ပိုင်းက စဉ့်ကိုင်မြို့နယ် ပလိပ်ကျေးရွာအုပ်စု၊ ဘူတာစျေးတန်းကောက်ကွက်သို့ စာရင်းကောက်ယူနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့မှ ကွင်းဆင်းကောက်ယူရာတွင် သန်းခေါင်စာရင်းကောက်ကွက်များမှ လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် ရပ်ကွက်အတွင်း အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာများ အချက်အလက် (၆၈) ချက်အား မေးမြန်းကောက်ယူနေလျက်ရှိရာ CAPI နည်းပညာဖြင့် Tablet အသုံးပြုကောက်ယူခြင်းဖြစ်ပြီး အောက်တိုဘာ (၁) ရက်နေ့မှ အောက်တိုဘာ (၁၅) ရက်နေ့အထိ နေ့စဉ်နံနက် (၇) နာရီမှ ညနေ (၆) နာရီထိ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်းနှင့် စဉ့်ကိုင်မြို့နယ်အတွင်း မြို့ပေါ် (၅) ရပ်ကွက်၊ ကျေးရွာ အုပ်စု၊ (၄၈) အုပ်စု၊ ကျေးရွာပေါင်း (၁၆၃) ရွာရှိပြီး စာရင်းကောက်အဖွဲ့ပေါင်း (၃၁) ဖွဲ့ဖြင့် ကောက်ယူလျက်ရှိရာ စာရင်းကောက်ကွက်ပေါင်း (၄၁၆) ကွက်တွင် ကောက်ကွက် (၁၀၂) ကွက်ထိ ကောက်ယူပြီးကြောင်း မြို့နယ်ဦးစီးမှူး ဦးဉာဏ်စိုးထံက သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)