မိုးညှင်း အောက်တိုဘာ ၆
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဆောင်းသီးထပ်ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ သီးထပ်စွမ်းအား ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၇ နာရီက မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ သို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မိုးညှင်း တပ်နယ်မှူး ဗိုလ်မှူးချုပ်ဝသုန်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မိုးညှင်းမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ မြသရဖူခန်းမ၌ ကျင်းပပြုလုပ်သည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် သက်ကြီးဆရာ၊ ဆရာမကြီးများအား ဂါရဝပြုပူဇော်ပွဲသို့ တက်ရောက်သည်။
အခမ်းအနားတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများက မြတ်ဆရာ တေးသီချင်းဖြင့် ပူဇော်သီဆိုဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် နိုင်ငံတော်ဝန်ကြီးချုပ် သတိုးမဟာသရေစည် သီရိသုဓမ္မ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့လာသည့် သဝဏ်လွှာအားဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးများက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါကျောင်းဝင်းအတွင်း ဖွင့်လှစ်ထားသည့် စက်မှု၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ်များ သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို စာသင်ခန်း များအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား/ကျောင်းသူများအား စိုက်ပျိုးမွေးမြူရေး၏ နိုင်ငံတော်အတွက် ထိရောက်စွာ အကျိုးပြုမှုကို ရှင်းလင်းမှာကြားကာ ကြိုးစားသင်ယူကြရေး အားပေးပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် မိုးညှင်းမြို့နယ် စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး မိုးညှင်းခရိုင်အတွင်း မိုးစပါးစိုက်ပျိုးပြီးစီးမှုနှင့် ဆောင်းသီးထပ် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးသွားမည့် လျာထား စီမံချက်ရှင်းလင်းပွဲသို့ တက်ရောက်သည်။
အဆိုပါ ရှင်းလင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က မိုးညှင်းခရိုင်သည် ကချင်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးမှုနှင့် သီးထပ်စိုက်ပျိုးမှု တိုးတက်မြင့်မားလျက်ရှိသည့် ခရိုင်တစ်ခုဖြစ်ပါကြောင်း၊ ယခုနှစ်အတွင်း နယ်မြေအခြေအနေအရ မိုးစပါးစိုက်ဧက လျာထားရည်မှန်းချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ခြင်းမရှိသော်လည်း ဆန်ဖူလုံမှုအနေဖြင့် ရာခိုင်နှုန်း ၁၀၀ အထက်တွင် ရှိနေသေးပါကြောင်း၊ သို့သော်လည်း ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ကြားချက်အရ မိမိဒေသအလိုက် သီးထပ်စွမ်းအား တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ မိမိဒေသအစီအစဉ်ဖြင့် စားဆီဖူလုံအောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊သို့ဖြစ်ပါ၍ ဒေသနှင့်ကိုက်ညီ သည့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည့် မျိုးကောင်းမျိုးသန့်နှင့် နည်းပညာ များဖြင့် စနစ်တကျစိုက်ပျိုးနိုင်ရေး၊ သွင်းအားစုများ လုံလောက်စွာ ပံ့ပိုးနိုင်ရေး တောင်သူများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ခရိုင်မြေစာရင်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးတို့က ခရိုင်အတွင်းရှိမြို့နယ်များအလိုက် ၂၀၂၄ ခုနှစ်အတွက် စပါးအမျိုးအစားအလိုက် မိုးစပါး စိုက်ဧက နှစ်သိန်းငါးသောင်းကျော် စိုက်ပျိုးပြီးစီးမှု အခြေအနေများနှင့် မိုးသီးနှံများ စိုက်ပျိုးပြီးစီးမှု အခြေအနေ များကို လည်းကောင်း၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးသွားမည့် လျာထားချက် အစီအမံများကို လည်းကောင်း ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများက တင်ပြချက်များအပေါ် သုံးသပ်ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆီဖူလုံမှုရှိစေရေး၊ သီးထပ်စွမ်းအား ရာနှုန်းပြည့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး စီမံချက်ရေးဆွဲပြီး နှစ်အလိုက် ပြည့်မီအောင်ဆောင်ရွက်ကြရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုးညှင်းမြို့နယ် ပင်းဟဲကျေးရွာသို့ သွားရောက်ပြီး ပင်းဟဲကွင်း၊ တောင်သူဦးကျော်လင်းဦး၏ မိုးစပါးစိုက်ခင်း၌ ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများနှင့် တွေ့ဆုံကာ အဆိုပါကွင်းအတွင်း မိုးစပါးအပါဝင် အခြားသီးနှံများ စိုက်ပျိုးထုတ် လုပ်နိုင်မှု အခြေအနေများ၊ ဆောင်းသီးထပ်အတွက် ဆီထွက်သီးနှံစိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများ၏ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီး များက ကျေးရွာအတွင်း ပညာရေးဝန်ထမ်းအိမ်ရာ ပြုပြင်နိုင်ရေး ငွေကျပ် ၂၅ သိန်းနှင့် တောင်သူများအတွက် သဘာဝမြေသြဇာအိတ်များ၊ နေကြာ၊ ပဲပုတ်နှင့် ပိုက်ဆံလျှော်မျိုးစေ့များ၊ ဟင်းသီး ဟင်းရွက် မျိုးစေ့များကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကာ ဆင်းဧကရီ-၃ အထွက်တိုး မိုးစပါးများ စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ဘီလူးကျေးရွာအုပ်စု မိုးဒါးစု-၂ ကွင်းသို့ သွားရောက်ပြီး ကွင်းအတွင်းရှိ တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာကွင်းအတွင်း မိုးစပါးအပါအဝင် အခြားသီးနှံများ စိုက်ပျိုး ပြီးစီးမှုအခြေအနေ များနှင့် ဆီထွက် ဆောင်းသီးနှံစိုက်ပျိုးလျက်ရှိသည့် အခြေအနေများကို ဆွေးနွေးကာ တောင်သူများ ဆောင်းသီးနှံအတွက် စိုက်ပျိုးရေလိုအပ်ချက်၊ မျိုးကောင်းမျိုးသန့်မျိုးစေ့ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် မိုးညှင်းမြို့နယ် စိုက်ပျိုးရေးသုတေသနခြံသို့ သွားရောက်ပြီး ခြံအတွင်း မိုးစပါး မျိုးကွဲများအလိုက် စမ်းသပ်၍ သုတေသနပြု စိုက်ပျိုးဆောင်ရွက်ထားရှိမှုနှင့် ဒေသရာသီဥတုနှင့် ကိုက်ညီသည့် မျိုးစေ့များ စိုက်ပျိုးထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် အခြေအနေများနှင့် ပဲပုတ်အမျိုး အစားအလိုက် သုတေသနပြု စမ်းသပ်စိုက်ပျိုးထားရှိမှု အခြေအနေများကို သုတေသနခြံတာဝန်ခံ ဦးမြင့်သောင်းနှင့် တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟဲလုံကျေးရွာအုပ်စု၊ ဟဲလုံခေတ်မီ စံပြကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဒုတိယနှစ်စက်ဝန်း မတည်ငွေကျပ် သိန်း (၆၀၀) ဖြင့် နို့စားနွားမွေးမြူရေး ဆောင်ရွက်လျက်ရှိသည့် မွေးမြူရေးတောင်သူ ဦးဂျန်ဒရေး မိသားစု၏ နို့စားနွားမွေးမြူရေးခြံသို့ သွားရောက်ပြီး နို့စားနွားများ စီးပွားဖြစ်မွေးမြူ၍ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများနှင့် နွားစာအဖြစ် နေဗီယာမြက် စိုက်ပျိုးကျွေးမွေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မွေးမြူရေးအထောက်အကူပြုဆေးဝါးများ၊ ခြံဖြန်းပိုးသတ်ဆေး ဘူးများ၊ ရောစပ်အစာအိတ်များကို ထောက်ပံ့ပေးအပ်ကာ လိုအပ်သည့် မွေးမြူရေးဆိုင်ရာ နည်းပညာပံ့ပိုးကူညီပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)