စစ်တွေ အောက်တိုဘာ ၆
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်းက ကျောက်ဖြူခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်ကျောက်ဖြူမြို့၊ နဂါးကျောင်းပရိယတ္တိစာသင်တိုက်၌ ကျောက်ဖြူမြို့ပေါ်ရှိ ဆရာတော်ကြီးများအား ဆွမ်းဆန်တော်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့တက်ရောက်ကြသည်။ အခမ်းအနားတွင် နဂါးကျောင်းတိုက် ဦးစီးပဓာနနာယက နိုင်ငံတော် ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တစက္ကိန္ဒာဘိဝံသ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများထံသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ မြို့မအလည်ကျောင်းတိုက်ဆရာတော် နိုင်ငံတော်သံဃမဟာနာယက(ငြိမ်း) အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာဝံသ အရှင်သူမြတ်က ဩဝါဒကထာချီးမြှင့်တော်မူပြီး လူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ ကျောက်ဖြူမြို့နယ် မဒဲကျွန်းရှိ အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းသို့ သွားရောက်ကြည့်ရှုကြရာ စီမံကိန်းတာဝန်ခံနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ဦးစွာ စီမံကိန်းတာဝန်ခံနှင့် တာဝန်ရှိသူများက ရေနံနှင့် သဘာဝဓာတ်ငွေများအား ပိုက်လိုင်းများဖြင့် ပို့လွှတ်ပေးနေမှု၊ စီမံကိန်းဧရိယာအတွင်း လုံခြုံရေးကရိယာများ တတ်ဆင်ထားရှိမှု၊ စီမံကိန်းတွင် သုံးပြုမည့်ပစ္စည်းများသိုလှောင်ထားရှိမှု၊ မီးဘေးလုံခြုံရေးအတွက် စီမံထားရှိမှုတို့ကို လိုက်လံ ရှင်းလင်းပြသကြရာ ပြည်နယ်ဝန်ကြီးချုပ်က မီးသတ်တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေနံတင်သင်္ဘောပေါ်မှ ရေနံများအားသိုလှောင်ကန်သို့ ပို့လွှတ်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းရုံး အစည်းအဝေးခန်းမ၌ စီမံကိန်းမှတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့များ နှစ်စဉ်ပို့လွှတ်ပေးနေမှု၊ ရေနံတင်သင်္ဘောများရောက်ရှိမှုအခြေအနေများ၊ ဒေသခံပြည်သူများအလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်မည့်အခြေအနေများ၊ ဒေသတွင်းလူမှု စီးပွားအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများ စသည့်ကဏ္ဍများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကာ စီမံကိန်းတွင် တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံခြားသားများ၊ စီမံကိန်းတွင် တာဝန်ထမ်းဆောင်နေကြသော မြန်မာနိုင်ငံသားများအား ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့များက လာရောက်စာရင်း ကောက်ယူနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့၊ စန္ဒာလင်္ကာရဘုန်းတော်ကြီး ကျောင်းသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကာလှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါဘုန်းတော်ကြီးကျောင်း၌ ယာယီနေရပ်စွန့်ခွာ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယခုရောက်ရှိလာကြသူများသည် အကြောင်းအမျိုးမျိုးကြောင့် မိမိတို့နေရပ်ဒေသကိုစွန့်ခွာပြီး ယာယီတိုက်ပွဲရှောင်ရန် ရောက်ရှိလာကြသော ဒေသခံပြည်သူများဖြစ်ကြကြောင်း၊ ထိုသို့ဖြစ်ပေါ်ရခြင်းမှာ ဒေသတည်ငြိမ်အေးချမ်းမှုမရှိခြင်း၊ တရားဥပဒေစိုးမိုးမှုမရှိခြင်း ကြောင့်ဖြစ်ကြောင်း၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းသည်အစိုးရအဖွဲ့၏ အဓိကရည်မှန်းချက်တာဝန်ဖြစ်ကြောင်း၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက် တည်ငြိမ်အေးချမ်းမှု ရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းလာသည်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယာယီတိုက်ပွဲရှောင်ပြည်သူများအနေဖြင့် အချိန်တိုအတွင်းမှာ မိမိတို့၏မွေးရပ်ဒေသကိုပြန်လည်ရောက်ရှိပြီး အမျိုးဘာသာသာနာ၏အကျိုးကို ဆောင်ရွက်နိုင်သူများဖြစ်ကြပါစေဟုပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီး၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ယာယီတိုက်ပွဲရှောင်ပြည်သူများအတွက် ဆန်ရိက္ခာများထောက်ပံ့ပေးအပ်ကြပြီး တိုက်ပွဲရှောင်ပြည်သူတစ်ဦး က ကျေးဇူးတင်စကားပြန်လည်ပြောကြားရာ ပြည်နယ်ဝန်ကြီးချုပ်က တိုက်ပွဲရှောင်ပြည်သူများအား ရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်စက်မှု အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံပြီး နိုင်ငံတော်အနေဖြင့် လူငယ်များ ကာယ၊ ဉာဏစွမ်းရည်မြင့်မားစေရန်၊ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေလေ့လာ ဖတ်ရှုလိုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် အပါအဝင်လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ကျောင်းသားလူငယ်များအနေဖြင့် နိုင်ငံတော်က တန်ဖိုးထားရသော အနာဂတ်သားကောင်းရတနာများ၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များ၊ ထူးချွန်ထက်မြက်သည့် လူငယ်များဖြစ်လာအောင် ကြိုးစားသင်ယူကြရန်ပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအတွက် သင်ထောက်ကူပစ္စည်းများပေးအပ်ပြီး ဆရာ၊ ဆရာမများအား ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးသို့သွားရောက်ပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် အထူးကုဆရာဝန်များ၊ ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ဆေးရုံတက်ရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေကြသည့် လူနာများအားလှည့်လည်ကြည့်ရှု အားပေးစကားပြောကြပြီး အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများအတွက် စားသောက်ဖွေရာများနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရိပ်သာ၌ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲသို့တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းသူက ကျောက်ဖြူခရိုင်၏ ဒေသဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့က ကျောက်ဖြူ ဖွံ့ဖြိုးတိုးတက်ရေး၊ ဌာနဆိုင်ရာများအချင်းချင်းပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး၊ လူဦးရေနှင့် အိမ်အကြောင်း အရာသန်းခေါင်စာရင်းကောက်ခံနေမှုနှင့်ပတ်သက်၍ အကြံပြုရှင်းလင်းတင်ပြကြသည်။
အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်မေးမြန်းဆွေးနွေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဆန်နှင့်စားသောက် ဖွေရာများကို ထောက်ပံ့ပေးအပ်ကြသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ကျောက်ဖြူခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ အချင်းချင်းချိတ်ဆက်ကာ ပူးပေါင်းဆောင်ရွက်ကြရန်၊ ကိုယ်စီအသိစိတ်ဖြင့်ပူးပေါင်းပြီး ပြည်သူများကို ဝန်ဆောင်မှုပေးကြရန်၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း လုံခြုံရေးအသိ၊ သတိဖြင့် ဆောင်ရွက်ကြရန်နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)