မိုင်းစံ အောက်တိုဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြသခြင်းကို မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထွေးက သိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များ၊ “စာအုပ်စာပေ လူ့မိတ်ဆွေ” ဆိုသည့်အတိုင်း လူတို့၏ မိတ်ဆွေစစ်များမှာ စာအုပ်များပင်ဖြစ်ကြောင်း၊ ပညာကိုလိုလျှင် စာဖတ်ကြရမည်ဖြစ်ကြောင်း၊ စာအုပ်တစ်အုပ်ကို ဖတ်နေခြင်းသည် မိမိတို့အိမ်မှ ပြတင်းပေါက်တစ်ပေါက်ကို ဖွင့်ထားခြင်းနှင့်တူပါကြောင်း၊ စာဖတ်ခြင်းသည် ကျောင်းသားလူငယ်များအတွက် စာပေသင်ကြားရာတွင် အထောက်အကူဖြစ်စေရုံသာမက အထွေထွေဗဟုသုတကိုလည်း ရရှိစေနိုင်ကြောင်းနှင့်စပ်လျဉ်း၍ အသိပညာပေး ပြောကြားခဲ့သည်။
ထို့နောက် မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ကေသွယ်စိုးက ကျောင်းသား၊ ကျောင်းသူများအား ရုပ်ပြစာအုပ်များ၊ ပုံပြင်စာအုပ်များပါ အသိပညာဗဟုသုတရရှိစေမည့် ခေါင်းစဉ်များကို ဖတ်ပြခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ရာ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက ပြန်လည်ရှင်းလင်း အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ဟောပြောပွဲအပြီးတွင် မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာဗဟုသုတကြွယ်၀စေရန် နံရံကပ်စာစောင်များ ခင်းကျင်းပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
မိုင်းစံ (ပြန်/ဆက်)