မြန်အောင်မြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား ဟင်္သာတမြို့ပြည်သူ့ဆေးရုံ အထူးကုဆရာဝန်ကြီးများနှင့်အဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး

မြန်အောင် အောက်တိုဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် အိုးဘိုကျေးရွာအုပ်စု ငါးထပ်ကြီးဘုရားတွင် ရေဘေးသင့်ပြည်သူများအား ယမန်နေ့နံနက်က ဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးနှင့်ဆရာဝန်များ၊သူနာပြုများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများဦးဆောင်၍ မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ ကျေးရွာအုပ်စုအတွင်းနှင့် အနီးပတ်ဝန်းကျင်ရှိ လာရောက်ပြသသည့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်ပေးခဲ့ကြသည်။

ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုကို မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများကြည့်ရှု အားပေးစကားပြောကြားခဲ့ကြသည်။ အဆိုပါ ဆေးကုသရေးအဖွဲ့သည် အောက်တိုဘာလ  ၆ ရက်နေ့တွင် မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်အောင်(ပြန်/ဆက်)