ကျိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ကျိုင်းတုံ အောက်တိုဘာ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း သံလွင်ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) အဖွဲ့ဝင်-၂ ဦးမင်းညိုက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သော ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် သဝဏ်လွှာကို ဖတ်ကြားပြီး ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ)ကျိုင်းတုံမှ ညွှန်ကြားရေးမှူး ဒေါ်နော်ရုသ်က ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များမှ ပေးပို့သော ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စုပေါင်းသဝဏ်လွှာကို ဖတ်ကြားသည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာ ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး အခြေခံပညာဦးစီးဌာနမှ အငြိမ်းစားယူခဲ့သော ကန်တော့ခံ အသက်(၇၀)နှစ် နှင့်အထက် ဆရာကြီး၊ ဆရာမကြီး (၆၆)ဦး အား ဂါရဝပြုပစ္စည်းများနှင့်အတူ အခမ်းအနားတက်ရောက်သူများက စုပေါင်းကန်တော့ခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)