ဟိုပုံး အောက်တိုဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စက်တင်ဘာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထမ်းစမ်းသဘာဝလှိုဏ်ဂူတော်အတွင်း ဖြတ်သန်းစီးဆင်းနေသည့် ရေချောင်းမှ ရေပြည့်ရေလျှံခြင်း၊ ထမ်းစမ်းဂူ၏ ရှေ့မျက်နှာစာ၌ မဲနယ်တောင်တန်းမှ စီးဆင်းလာသော စငေါချောင်းမှ တောင်ကျရေများစီးဝင်ခြင်းကြောင့် ထိခိုက်ပျက်စီးမှုများအား သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ဟိုပုံးတပ်နယ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်ဌာနေ တပ်ဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်ဌာနဆိုင်ရာများက ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဟိုပုံးမြို့နယ် ထမ်းစမ်းကျေးရွာရှိ ထမ်းစမ်းသဘာဝလှိုဏ်ဂူသည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(ပြည်ထောင်စုနေ့)တွင် မေတ္တာခမ်းတန်ဟိုပုံးကိုရင်လေး ရှင်ပေါရိဿဦးဆောင်မှုဖြင့် ဒေသခံပြည်သူများ စုပေါင်းအားဖြင့် ဖော်ဆောင်ခဲ့သည့် သဘာဝလှိုဏ်ဂူဖြစ်သည်။ ထမ်းစမ်းသဘာဝလှိုဏ်ဂူသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၏ ထူးခြားကျော်ကြားသည့် နေရာတစ်ခုဖြစ်ပြီး သဘာဝအတိုင်းဖြစ်ပေါ်နေသည့် ကျောက်စက်ပန်းဆွဲများ၊ ကျောက်စက်မိုးမျှော်များဖြင့် သာယာလှပပြီး ခရီးသွားပြည်သူများ လာရောက်အပန်းဖြေလေ့လာနိုင်သည့် နေရာတစ်ခုလည်းဖြစ်သည်။ လှိုဏ်ဂူတော်သည် အကျယ် (၁၅)ပေ၊ အမြင့် (၁၂)ပေခန့်ရှိပြီး အတွင်းပိုင်းလှိုဏ်ဂူတော် အရှည် (၂၁၈၅)ပေအထိ ပြည်သူများ ဝင်ရောက်လေ့လာနိုင်ကြောင်း သိရသည်။
ဟိုပုံးမြို့နယ်တွင် စက်တင်ဘာလ (၁၀) ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့နယ်အတွင်းရှိ လူနေအိမ်နှင့် လမ်း/တံတားများပျက်စီးခြင်း၊ စိုက်ခင်းပျက်စီးမှုဖြစ်ပေါ်ခဲ့ရာ ထမ်းစမ်းသဘာဝလှိုဏ်ဂူတော်အတွင်း တောင်ကျချောင်းရေဝင်ရောက်ခြင်း၊ ဂူအဝင်ပေါက်ရှိ ဆရာတော်သီတင်းသုံးတော်မူသောနေရာ ရေဝင်ရောက်ခြင်း၊ ဓာတ်မီးတိုင် (၅)တိုင်ပြိုလဲခြင်း၊ ဘုရားဂူ/ကျောက်စာဂူအတွင်းပိုင်း ပျက်စီးခြင်း၊ ဂူရှေ့မျက်နှာစာရှိ ကြေးသပိတ်နှင့် နဝမရှုပုံအရုပ်တော်ပျက်စီးခြင်း၊ ဂူအတွင်း/အပြင် မိုးလိုင်းများ ပျက်စီးခြင်း၊ စတုဒိသာထမင်းစားရုံနှင့် ပန်းခြံပျက်စီးခြင်း၊ လှိုဏ်ဂူတော်ရှေ့ရှိ စငေါချောင်းမြေထိန်းနံရံများ ပြိုကျခြင်း၊ ယာဉ်ရပ်နားစခန်းနှင့် ကားပါကင်ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ ပျက်စီးဆုံးရှုံးခဲ့သည့် လှိုဏ်ဂူအတွင်း/အပြင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ပြီး လှိုဏ်ဂူတော် ပြန်လည်ပြုထိန်းသိမ်းရန်အတွက် အလှူရှင်များဖြစ်သည့် ကမ္ဘောဇဖောင်ဒေးရှင်းမှ ငွေကျပ် (၂၀၀) သိန်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ ငွေကျပ် (၅၀)သိန်း၊ ပတ္တမြားနဂါးကုမ္ပဏီမိသားစုမှ (၃၀) သိန်း၊ ပင်းပက်သံမဏိစက်ရုံနှင့် တည်ဆောက်ရေးစီမံကိန်းမှ ငွေကျပ် (၂၀)သိန်း၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းမိသားစုမှ ငွေကျပ် (၁၅) သိန်း၊ မြင့်မိုရ်တိုင်းရန်ကင်းစစ်ဒေသမှ ငွေကျပ် (၁၀) သိန်း၊ စုစုပေါင်းငွေကျပ် (၃၂၅)သိန်းကို ပေးအပ်လှူဒါန်းရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆရာတော်ထံ အလှူငွေများ လှူဒါန်းခဲ့ကြသည်။
ဟိုပုံးမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ကမ္ဘောဇဖောင်ဒေးရှင်းမှ ငွေကျပ် (၁၀၀)သိန်းကို ဆက်လက်လှူဒါန်းပေးအပ်ခဲ့သည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဟိုပုံးတပ်နယ်မှူးနှင့် အလှူရှင်များက ဆရာတော်များထံမှ သာဓုအနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချကာ ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်ခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)