အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား မူလစံကျောင်းတော်၌ ဒေသစာရီကြွချီပူဇော်ခံဌာနမှ ဒေသခံများ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းများ လာရောက်ကပ်လှူပူဇော်

ညောင်ရွှေ  အောက်တိုဘာ  ၆

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များသည် အစဉ်အလာအရ နှစ်စဉ်သီတင်းကျွတ်လဆန်း(၁)ရက်နေ့မှစတင်၍ မူလကျောင်းတော်မှ အင်းလေးကန်ဝဲယာ(၂၁)ဌာနသို့ ဒေသစာရီကြွချီပူဇော်ခံရာ ယခုနှစ်တွင် ညောင်ရွှေမြို့နှင့် အင်းလေး ဒေသအတွင်းရေကြီးရေလျှံမှု ဖြစ်ပေါ်နေသဖြင့် ဒေသစာရီကြွချီပူဇော်ခံပွဲ ကျင်းပပြုလုပ်နိုင်ခြင်းမရှိကြောင်း သိရသည်။

ထိုသို့ ဒေသစာရီကြွချီပူဇော်ခံခြင်းမရှိသော်လည်း ယမန်နေ့နံနက်ပိုင်းတွင် ဒေသစာရီ ကြွချီပူဇော်ခံရာဌာနဖြစ်သည့် ဟဲယာရွာမကျေးရွာ ဆွမ်းဒကာ၊ ပန်းဒကာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံများသည် မူလစံကျောင်းတော်၌ ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များအား ဖူမြော်ကြည်ညို၍ ဆွမ်းတော်၊ ပန်းတော်၊ ရေချမ်းတော်များနှင့် ရွှေသင်္ကန်းတော်များ လာရောက်ကပ်လှူပူဇော်လျက်ရှိကြကြောင်း သိရသည်။

စိုင်းအယ်ဘဲ