ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အမျိုးသားဘော်လီဘောပြိုင်ပွဲနှင့် မြို့နယ်များအလိုက် အမျိုးသား/ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

တောင်ကြီး အောက်တိုဘာ ၆

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ယမန်နေ့ နံနက် ၁၀ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက် (၂၀) နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲနှင့် မြို့နယ်များအလိုက် အသက် (၂၅) နှစ်အောက် အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းနှင့် ကျိုင်းတုံခရိုင်အသင်းတို့ တတိယလုပွဲ ယှဉ်ပြိုင်မှုနှင့် ဗိုလ်လုပွဲစဉ်ဖြစ်သည့် တောင်ကြီးခရိုင်အသင်းနှင့် မိုင်းဆတ်ခရိုင်အသင်းတို့ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသော တောင်ကြီးခရိုင်အသင်း၊ ဒုတိယဆုရရှိသော မိုင်းဆတ်ခရိုင်အသင်း၊ တတိယဆုရရှိသော ကျိုင်းတုံခရိုင်အသင်းတို့အားလည်းကောင်း၊ အမျိုးသားကြက်တောင်ရိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော တောင်ကြီးမြို့နယ်အသင်း၊ ဒုတိယဆုရရှိသော လားရှိုးမြို့နယ်အသင်း၊ တတိယဆု ပူးတွဲရရှိသော ပင်လောင်းမြို့နယ်နှင့် လွိုင်လင်မြို့နယ်အသင်းတို့အားလည်းကောင်း၊ အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော တောင်ကြီးမြို့နယ်အသင်း၊ ဒုတိယဆုရရှိသော လားရှိုးမြို့နယ်အသင်း၊ တတိယဆု ပူးတွဲရရှိသော လဲချားမြို့နယ်နှင့် လွိုင်လင်မြို့နယ်အသင်းတို့အားလည်းကောင်း၊ အကောင်းဆုံးအားကစားသမားဆုရရှိသော ကစားသမားများအားလည်းကောင်း ပထမဆုတံခွန်စိုက်ဖလား၊ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါအားကစားပြိုင်ပွဲကို အောက်တိုဘာလ ၁ ရက်နေ့မှ ၅ ရက်နေ့ထိကျင်းပပြုလုပ်ခဲ့ပြီး အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသင်း ၁၅ သင်း၊ ကြက်တောင်ရိုက်ပြိုင်ပွဲတွင် မြို့နယ်အလိုက် အမျိုးသား/အမျိုးသမီး ၇ သင်းစီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)