တောင်ကြီး အောက်တိုဘာ ၆
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင် တက်ရောက်၍ ဆုများပေးအပ်ချီးမြှင့်သည်။
ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြတ်ဆရာ” တေးသီချင်းသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ ကမ္ဘာ့ဆရာများနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က ဖတ်ကြားခဲ့သည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အခမ်းအနားသို့ ကမ္ဘာ့ကုလသမဂ္ဂ၊ ယူနက်စကိုက ပေးပို့သည့် သဝဏ်လွှာကို ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဆွေဝင်းက ဖတ်ကြားပြီး ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ပြည်နယ်အဆင့် အခြေခံပညာအထက်တန်း၊ အလယ်တန်း စာစီစာကုံး နှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ်စီးပွားရေးရာ ဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့် ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးအောင်ကြည်ဝင်းတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “လမ်းပြ ကြယ်” တေးသီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာကျောင်းများမှ ဆရာများက “မြင့်မြတ်သောဥယျာဉ်မှူး” တေးသီချင်းဖြင့်လည်းကောင်း၊ အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “အန္တငါးဖြာ မြတ်ဆရာ” တေးသီချင်းဖြင့်လည်းကောင်း သီဆိုဂါရဝပြု ကြပြီး၊ ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများအား ကန်တော့ချိုးဖြင့် ရှိခိုးပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်