လင်းခေးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်တိန်းချောင်းရေကြီးရေလျှံမှု ထပ်မံဖြစ်ပွားနေသဖြင့် နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် အထူး(၅)ကတ္တရာလမ်း ရေကျော်မှုမဖြစ်ပေါ်စေရေး ရေတားတမံ ဆောက်လုပ်ပေးလျက်ရှိ

လင်းခေး  အောက်တိုဘာ   ၆

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့၌ မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် အောက်တိုဘာ ၅ ရက်နေ့က နမ့်တိန်းချောင်း ရေကြီးရေလျှံမှု(တတိယအကြိမ်) ဖြစ်ပေါ်ခဲ့သည့်အတွက် ကားလမ်းရေကျော်ရာမှ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု မရှိစေရေး ရေတားတမံ ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

ယခု နမ့်တိန်းချောင်း ရေကြီးရေလျှံမှုကြောင့် လင်းခေးမြို့နယ်၊ ဒါးဆိပ်ကျေးရွာအုပ်စု၊ နမ့်အွန်ရွာအနီး နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် အထူး(၅)လမ်း မိုင်တိုင်အမှတ်(၅၃/၆)၊ (၅၄/၀)နေရာ၌ အလျား ၆၀၀ ပေခန့်နှင့် အနက် ၂ ပေ ၉ လက်မခန့် ကားလမ်း‌မပေါ်ရေကျော်မှုဖြစ်ပေါ်ခဲ့သည်။

ထိုသို့ ကားလမ်းမပေါ် ရေကျော်နေမှုကြောင့် အများပြည်သူ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေးအတွက် လင်းခေးမြို့နယ်၊ ဒါးဆိပ်တံတားအနီးမှ လျှံထွက်လာသည့် နမ့်တိန်းချောင်းရေကို တားဆီးနိုင်ရန်အတွက် တာဝန်ရှိသူများက ရေတားတမံကို ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေတားတမံကို စစ်ဗျူဟာအဖွဲ့၊ (အခြေချ) (လင်းခေး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ထွန်းလတ်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦး‌နေဝင်းတို့၏ ကြီးကြပ်မှုဖြင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်နှင့်  တာဝန်ရှိသူများ၊ တပ်မတော်သားများ ပူးပေါင်းအဖွဲ့က ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့်စက်တင်ဘာလအတွင်း ဤလမ်းပိုင်းနေရာ၌ အလားတူ ကတ္တရာလမ်း  ရေကျော်ခြင်းများဖြစ်ပေါ်ခဲ့ရာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ (၁၀) ခန့် ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါရေတားတမံ တည်ဆောက်ပြီးစီးသွားပါက လမ်းပေါ်သို့ ရေကျော်ဝင်ရောက်မှု လျော့ပါးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)