နေပြည်တော် အောက်တိုဘာ ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ခဲ့သည့် စပါးခင်းများအား ပြန်လည်ကုစားရန် သွင်းအားစုများ ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ ပိတောက်ချောင်ကျေးရွာအုပ်စု၊ ကွမ်းခြံကျေးရွာ ကွင်းအမှတ်(၁၇၃၂) စိုက်ခင်းတွင် ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ရေကျပြီးနောက်ပိုင်း စပါးခင်းများ ပြန်လည်ကုစားရန်အတွက် နိုင်ငံတော်မှ တောင်သူများအတွက် လိုအပ်သည့် သွင်းအားစုများ ထောက်ပံ့ပေးခြင်းဖြင့် စပါးအထွက်နှုန်းများ မလျော့ကျစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ထိခိုက်ပျက်စီးခဲ့သည့် လယ်ယာမြေများ အမြန်စိုက်ပျိုးလုပ်ကိုင်နိုင်ရေး မြေပြုပြင်ပေးခြင်း၊ မျိုးစေ့များ ထောက်ပံ့ပေးခြင်း၊ သွင်းအားစုများ လက်ဝယ်အရောက်ရရှိရေးတို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရေကြီးရေလျှံခဲ့မှုကြောင့် ရေထုတ်မြောင်းများ၊ ရေနုတ်မြောင်းများတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် နုန်းများ ပြန်လည်တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ရေနစ်မြုပ်ခဲ့သည့် လယ်ယာမြေများအား အမြန်ဆုံးပြန်လည်စိုက်ပျိုးနိုင်ရေး၊ တစ်ဧက အထွက်နှုန်း မြင့်မားရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ ထိခိုက်ခဲ့သည့်စပါးခင်းများတွင် ပြန်လည်ကုစားရန်အတွက် သွင်းအားစုများ ထည့်သွင်းခြင်းကို တောင်သူများအနေဖြင့် ကွင်းသရုပ်ပြပွဲမှတစ်ဆင့် မိမိတို့ စိုက်ခင်းများတွင် လက်တွေ့ကျကျ ပြန်လည်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်သူက ရေကြီးနစ် မြုပ်မှုကြောင့် ထိခိုက်ခဲ့သည့်စပါးခင်းများအား ပြန်လည်ကုစားရန်နှင့် သွင်းအားစုများ ထည့်သွင်းခြင်းနှင့် သတိပြုသင့်သည့် နည်းပညာရပ်ဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဌာနဆိုင်ရာများက မြေပြုပြင်ခြင်း၊ ထိခိုက်ပျက်စီးခဲ့သည့် ရေမြောင်းများ ပြုပြင် ဆောင်ရွက်နေမှုများ၊ စိုက်ပျိုးရေ ပေးဝေနေမှုများကို အသီးသီးရှင်းလင်းတင်ပြကြသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်သူက ရေကြီးနစ် မြုပ်မှုကြောင့် ထိခိုက်ခဲ့သည့်စပါးခင်းများအတွက် ဂျစ်ပဆမ် ကျောက်မှုန့်မြေဩဇာများကို ပေးအပ် လှူဒါန်းရာ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးနိုင်က လက်ခံရယူသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင်များက တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ကြသည်။
ထို့နောက် တက်ရောက်ကြသည့် ဒေသခံတောင်သူများက လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ပြီး ရေကြီးရေလျှံမှုကြောင့် စပါးခင်းများ ပြန်လည်ကုစားရန်အတွက် သွင်းအားစုများ ထည့်သွင်းရန် ကြိုတင်ပြင်ဆင်မှုသရုပ်ပြခြင်း၊ ရေကြီးနစ်မြုပ်ခဲ့သည့်စပါးခင်းများတွင် အပင်ပြုစုခြင်း၊ ယူရီးယား၊ ရွက်ဖြန်းအားဆေး၊ ပိုးသက်ဆေး၊ ပိုတက်အားဆေးဖြန်းခြင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောစပ်ထည့်သွင်းခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက် လက်တွေ့သရုပ်ပြသခြင်းကို ကြည့်ရှုအား ပေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ရုံးပင်ကျေးရွာ၊ အောင်ဇမ္ဗူကျောင်းတိုက်တွင် နေပြည်တော်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ရေဘေးသင့်ပြည်သူများအား အထူးကုဆရာဝန်ကြီးများ ကွင်းဆင်း၍ ဆေးကုသပေးနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုအားပေးရာ နေပြည်တော်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာသန်းနိုင်စိုးက ဆေးကုသပေးနေမှုအခြေအနေများ၊ ရေကြီးနစ်မြုပ်ခဲ့သည့် ရေတွင်း၊ ရေကန်များအတွင်း ဝမ်းပျက်ဝမ်းလျောရောဂါ မဖြစ်ပွားစေရန်အတွက် ကလိုရင်းဆေး၊ အဘိတ်ဆေးများ ခပ်ပေးနေမှုအခြေအနေများကို လိုက်လံပြသရှင်းလင်း တင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် အောင်ဇမ္ဗူကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဇနကအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ နနွင်းအိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ နနွင်းအိုင်ကျောင်းတိုက် ပဓာန နာယက ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တခေမိန္ဒအား ဖူးမြော်ပြီး ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ် ဝတ္တုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် အဆိုပါကျောင်း တိုက်တွင် ရေဘေးသင့်ခဲ့သည့် နနွင်းအိုင်ကျေးရွာ၊ ရွှေတိုက်တန်းကျေးရွာနှင့် သာယာအေးကျေးရွာတို့မှ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍ အားပေးစကား ပြောကြားပြီး စားသောက်ကုန်ပစ္စည်း များနှင့် ထမင်းဘူးများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်း၊ ဇမ္ဗူရွှေကြာခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ပညာရေးမှူးများ၊ ကျောင်းအုပ် ဆရာကြီး/ ဆရာမကြီးများနှင့် ဆရာ/ဆရာမများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။
ထို့နောက် နေပြည်တော်ပညာရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဒေါက်တာကျော်လွင်က ယူနက်စကိုညွန်ကြားရေးမှူးချုပ်၏ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် သဝဏ်လွှာကို ဖတ်ကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တက်ရောက်လာကြသည့် ပညာရေးမှူးများ၊ ကျောင်းအုပ် ဆရာကြီး/ ဆရာမကြီးများနှင့် ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)