နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ် ရေဘေးသင့်နေရာများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု၊ ရေဘေးသင့်ဝန်ထမ်းများ ထောက်ပံ့ပေးအပ်ပွဲ တက်ရောက်

တပ်ကုန်း အောက်တိုဘာ ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း ရေဘေးကြောင့် ပျက်စီးခဲ့သောနေရာများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်(MSME)အသင်းဒုဥက္ကဋ္ဌ ဦးကျော်စိုးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်မြို့နယ်အဆင့်တာဝန်ရှိသူများ လိုက်ပါက ယနေ့နံနက်ပိုင်းက  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများက အဆုံ-(ဇီးကုန်း) ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် တာဝန်ခံမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာကြီးတို့နှင့် တွေ့ဆုံ၍ ရေတိုက်စားမှူကြောင့် ပျက်စီးသွားသည့် ခြံစည်းရိုးအား ရှစ်ပေတစ်ခန်းနှုန်းဖြင့်  အရှည် ၁၆၂၈ ပေအား ချိန်းလင့်(သံဇကာ)ကာရံနေမှုနှင့် ကျောင်းဖွင့်လှစ်သင်ကြားနေမှု ကြည့်ရှု ပြီး၊ လိုအပ်သည်များ သက်ဆိုင်ရာတာဝန်ရှိသူများအား ရှင်းလင်းမှာကြားခဲ့သည်။

ထို့နောက် ရှားတုန်းအိုင်ကျေးရွာ၊ ရေဝင်ရောက်ပြီး လူနေအိမ်မျောပါခဲ့သည့် ဒေါ်ခင်မာလွင်၏ နေအိမ်အား ရွာသူ၊ ရွာသားများက ပြန်လည်တည်ဆောက်ပေးနေမှုအား ကြည့်ရှု့၍ အားပေး စကားပြောကြားခဲ့ပြီး၊ အသင့်စားခေါက်ဆွဲခြောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ ကြက်သွန်ခင်းကျေးရွာ၊ ဦးမြင့်တင်၊ ဦးကျော်သက်ခိုင်တို့၏ အိမ်ခြံဝင်းအတွင်း အနက်ပေ ၃၀၀ ကျော်၊ ကိုယ်ထူကိုယ်ထရေလျှံတွင်းနှစ်မှ သောက်သုံးရေ ရရှိမှုများအား ကြည့်ရှုအားပေးခဲ့ပြီးနောက် ရွာဦးဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသြဘာသအား ဖူးမြှော်ကြည်ညိုပြီး၊ ဝတ္တုငွေနှင့်အသင့်စားခေါက်ဆွဲခြောက်များ ဆက်ကပ်လှူဒါန်းခဲ့ပြီး၊ ဘုန်းတော်ကြီးကျောင်း ဝိုင်းအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေသန့်စက်တည်ထောင်ပေး ထား မှုနှင့် ကျေးရွာ ပြည်သူလူထုများ ရေသန့်ရေရရှိမှုနှင့်အသုံးပြုနေမှုများအား ကြည့်ရှုအားပေးခဲ့ သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ညောင်လွန့်ကျေးလက်ကျန်းမာရေးဌာနနှင့် တော်ဝင်နှင်းဆီဆေးခန်းတို့ ပူးပေါင်း၍ ကြက်သွန်ခင်းကျေးရွာ၊ ဝိသာခါမဏ္ဍပ်တော်ကြီးတွင် နယ်လှည့်ဆေးခန်းဖွင့်၍ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုနှင့် လာရောက်ပြသသူများကို  အားပေးစကားပြောကြားပြီး၊ လိုအပ်သည့်ဆေးဝါးနှင့်ဆေးပစ္စည်းများ  ထောက်ပံ့လှူဒါန်းခဲ့ပြီးနောက် ချောင်းခြားကျေးရွာနှင့် သပြေသာကျေးရွာချင်းဆက် ရိစာမြေသားလမ်း ရေတိုက်စားမှု ကြောင့် ပျက်စီးခဲ့သည့်လမ်းအား  ကျေးလက်လမ်းဦးစီးဌာနနှင့်ကျေးရွာပြည်သူများ ပူးပေါင်းပြီး စက်ယန္တရား၊ လူအင်အားတို့ဖြင့်  ပြန်လည်ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ ကျေးရွာ ပြည်သူများ ကျေးရွာချင်းဆက်လမ်းအမြန်အသုံးပြုနိုင်ရေး ရှင်းလင်းမှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ အောင်ဇေယျရပ်ကွက်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ မိုးတွင်းကာလ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတွင်းပတ်လမ်းဖြင့် ကျောင်းတက်သွားလာရေး အဆင်ပြေစေရန်အတွက် နိုင်ငံတော် အဆင့် အကြီး အကဲ၏ ပြောကြားချက်နှင့် ဆောင်ရွက်သည့် အမြင့် ၈ လက္မ၊ အကျယ် ၁၄ ပေ၊ အရှည် ပေ ၉၀၀ ရှိ ကွန်ကရစ်ပတ်လမ်းပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ရေဘေးသင့်ဝန်ထမ်းများအား တွေ့ဆုံ၍ ဝန်ထမ်းများအနေ ဖြင့် မိမိဌာနလုပ်ငန်းများအပြင် ရေဘေးကြောင့် ဖြစ်ပွားခဲ့သော ရပ်ကွက်၊ကျေးရွာများတွင် ရပ်ရွာအကျိုးများ ဆောင်ရွက်ပေးကြလို့ အထူးကျေးဇူးတင်ရှိကြောင်းနှင့် အားပေးစကားပြောကြားပြီး ၊ ရေဘေးသင့်ဝန်ထမ်း ၄၄ ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေ ၅ သောင်းကျပ်နှင့် ဆန်၊ မီးဖိုချောင်သုံးပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်၍လည်းကောင်း၊ ရေဘေးကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များအား ဆန်၊ဆီများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်