မိတ္ထီလာ အောက်တိုဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တောမကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာရှိကျေးလက်နေပြည်သူများ စိုက်ပျိုးမွေးမြူရေးထုတ်လုပ်သူများနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စား လုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများ ရရှိစေပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် ဒေသထွက်ကုန်အပေါ် အခြေခံသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေပြီး အစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် ကျေးလက်ထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ဥယျာဉ်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းဖြင့် နို့စားနွားမွေးမြူစီမံကိန်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြာရေးမှူးချုပ် ဦးသိန်းလွင်မှ အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ဥယျာဉ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် နွားမွေးမြူရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး နို့စားနွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သည့် ဒေသခံများပြည်သူများနှင့် တွေ့ဆုံ၍ မြစိမ်းရောင်စီမံကိန်းဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်းရေရှည်တည်တံ့ အောင်မြင်စေရေးအတွက် ပြောကြားခဲ့သည်။ ၎င်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးဦးအောင်မျိုးလွင်နှင့် မိတ္ထီလာခရိုင်ဦးစီးမှူးဒေါ်မြင့်ဝင်းက မိတ္ထီလာခရိုင်အတွင်း နွားမွေးမြူရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး မြို့နယ်ဦးစီးမှူးဦးချမ်းငြိမ်းဝင်းက မြို့နယ်အတွင်း နွားမွေးမြူရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြခဲ့သည်။ ယင်းနောက် ဥယျာဉ်ကျေးရွာမှ ဒေသခံပြည်သူများက ကျေးရွာအတွင်း ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ရာ ညွှန်ကြားရေးမှူးချုပ်က တင်ပြချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
မိတ္ထီလာမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပေါက်ပင်သာကျေးရွာ၊ ဉယျာဉ်ကျေးရွာ၊ မကျီးပင်ပုကျေးရွာ၊ အုတ်ကျင်းကျေးရွာ၊ ကန်သာအေးကျေးရွာ၊ မုန်ပင်ဆည်ကျေးရွာများတွင် နို့စားအကောင်အရေ ၉၂ ကောင်မွေးမြူထားပြီး နိုင်ငံတော်မှ တစ်ရွာ ၃၀၀ သိန်းဖြင့် ၁၈၀၀ သိန်း မတည်ပေးထား၍ နို့စားနွားများ မွေးမြူထားပါကြောင်း မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)