၂ဝ၂၄ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် တက်ရောက်အားပေး

မန္တလေး အောက်တိုဘာလ ၅

၂ဝ၂၄ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မန္တ‌လေးချမ်းအေးသာစံမြို့နယ်၊ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း၊ ပန်းမျိုးတစ်ရာခန်းမတွင်ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး နေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ ​လူမှုရေးရာဝန်ကြီး  ဦးအောင်ကျော်မိုး၊ ဥပဒေချုပ် ဦးမြင့်​အောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးပညာရေးမှူး ဦးကျော်မိုးထွန်းနှင့်တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားတွင် အ.ထ.က(၁၄)မှ ကျောင်းသား၊ ကျောင်းသူများက မြတ်ဆရာသီချင်းဖြင့်ဖျော်ဖြေပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကဖတ်ကြား၍ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များကပေးပို့သော စုပေါင်းသဝဏ်လွှာအား တိုင်းဒေသကြီးပညာရေးမှူးက ဖတ်ကြားသည်။

ဆက်လက်၍ အောင်မြေသာစံမြို့နယ်၊ အ.ထ.က(၈) ကျောင်းသူလေးများက “ မင်္ဂလာပါ ” သီချင်းဖြင့် ကပြဖျော်ဖြေကြသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့်တာဝန်ရှိသူများက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဗဟိုအဆင့် ဆုရရှိသူ(၂)ဦးနှင့် တိုင်းဒေသကြီးအဆင့် အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပြိုင်ပွဲများတွင်ဆုရရှိကြသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြပြီး ထွဋ်ခေါင်မြန်မာ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ရွှေတံဆိပ်ဆုနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့်တွင် ရွှေတံဆိပ်ဆုရှင် မမိုးမြင့်စံ က “ဆရာ” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍  အ.ထ.က(၁၄)မှ ဆရာမများက “ ပန်းကလေးများရဲ့ ဥယျာဉ်မှူး " သီချင်းဖြင့် ကပြဖျော်ဖြေကြသည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များမှ သီဆိုဖျော်ဖြေခဲ့ကြသည့် ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေကျပ် ၁၀ သိန်း ပေးအပ်ချီးမြှင့်ပြီး  တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြောင်း သတင်းရရှိသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)