နေပြည်တော် အောက်တိုဘာ ၅
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ ညနေပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ ဆင်သေချောင်းကူးတံတား (ပုပ္ပါးကုန်း) သို့ သွားရောက်၍ ဆင်သေချောင်း ရေလမ်းကြောင်းပြောင်းလဲမှုအခြေအနေများ၊ ချောင်းကမ်းပါး တိုက်စားမှုများကို ပြန်လည်ပြုပြင်မည့်အခြေအနေများ၊ ချောင်းကမ်းထိန်းနံရံဆောင်ရွက်မည့်အခြေအနေများ၊ တံတားချဉ်းကပ်လမ်း ပြင်ဆင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ချောင်းရေစီးကြောင်း မှန်ကန်စေရေး၊ ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်ခိုင်ခန့်စေရေး၊ တံတားချဉ်းကပ်လမ်းများ ပြုပြင်ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းကိုက်ညီစေရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)