ရမည်းသင်း အောက်တိုဘာ ၅
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းနှင့်တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၂ နာရီက ရမည်းသင်းမြို့ အမှတ်(၃)သိမ်ကုန်းအခြေခံပညာအထက်တန်းကျောင်း ရေဘေးသင့်မှုအခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ကျောင်းရုံးခန်းမတွင် သိမ်ကုန်းအခြေခံပညာအထက်တန်းကျောင်းမှ ရေဘေးသင့်ကျောင်းသား/သူ(၆၉)ဦးအတွက် တစ်ဦးလျင် တစ်သိန်းကျပ်ထောက်ပံ့ပြီး အားပေးစကားပြောကြားပြီး ကျောင်းသန့်ရှင်းရေးအတွက် ကျပ်တစ်ဆယ်သိန်းတို့ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးသက်လွင်ဦးမှလက်ခံရယူပြီး ရေဘေးသင့်၍ ကျောင်းသုံးဗလာစာအုပ်နှင့် ပုံနှိပ်စာအုပ်များပျက်စီးဆုံးရှုံးခဲ့သည့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းသား/သူ(၁၅၃)ဦးအတွက် ကျောင်းသုံးဗလာစာအုပ်နှင့် ပုံနှိပ်စာအုပ်များအား အခမဲ့ ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဒုတိယဝန်ကြီးသည် သိမ်ကုန်းကျေးရွာ နတ်စင်အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ရေဘေးသင့်မှုကိုကြည့်ရှုပြီး ရေဘေးသင့်ကျောင်သားတစ်ဦးကို ကျပ်တစ်သိန်း၊ ကျောင်းသန့်ရှင်ရေး ကျပ်တစ်သိန်းထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးဒေါ်စန်းစန်းထွေးမှ လက်ခံရယူသည်။
ထို့နောက် ရမည်းသင်းမြို့ရွှေစည်းခုံရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းဝန်းအတွင်း ရေဘေးသင့်ပျက်စီးခဲ့မှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်ပြန်/ဆက်၊ရမည်းသင်း