မိတ္ထီလာ အောက်တိုဘာ ၅
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ မိတ္ထီလာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန်ပြည်သူများမှ အမှိုက်များစနစ်တကျစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁ဝ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဦးစွာခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးစန္ဒာက အသိပညာပေးဟောပြောပွဲကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အမှိုက်များ စနစ်တကျစွန့်ပစ်ရေးခေါင်းစဉ်ဖြင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ညိမ်းရည်မွန်ကလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ အမှိုက်များသိမ်းဆည်းမှုနှင့် အမှိုက်စွန့်ပစ်မှုဆိုင်ရာသိကောင်းစရာများခေါင်းစဉ်ဖြင့် အဆိုပါအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လဲ့လဲ့စိုးကလည်းကောင်း အသီးသီးအသိပညာပေးဟောပြောခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးတင့်ဆန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်ဝိုင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့ပေါ်ရပ်ကွက်များမှ ဒေသခံပြည်သူများတက်ရောက်ခဲ့ပြီး ဟောပြောပွဲတွင် အမှိုက်များစနစ်တကျစွန့်ပစ်ရေး အသိပညာ ပေးလက်ကမ်းစာစောင်များကို ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချမ်းသာ