လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဥတ္တရသီရိမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူ နေမှုအား ကြည့်ရှုအားပေး

ဥတ္တရသီရိ အောက်တိုဘာ ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို  သက်ဆိုင်ရာသန်းခေါင်စာရင်းကော်မတီများ၏ကြီးကြပ်မှုဖြင့် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ လိုက်လံကောက်ယူလျက်ရှိပြီး ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိရပ်ကွက်အတွင်း ဆက်လက်ကောက်ယူလျက်ရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နေပြည်တော် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ပြည်ထောင်စုနယ်မြေဦးစီးမှူး ဦးအောင်ခိုင်ဆွေ၊ ခရိုင်/ မြို့နယ်သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့်ကော်မတီဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ကြည့်ရှုအားပေးစဉ် တာဝန်ရှိသူများက သန်းခေါင်စာရင်းကောက်ယူနေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သန်းခေါင်စာရင်းအောင်မြင်စွာကောက်ယူနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဥတ္တရသီရိမြို့နယ်တွင် ရပ်ကွက် ၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၈ အုပ်စု၊  ကျေးရွာပေါင်း ၄၉ ရွာတို့၌ သန်းခေါင်စာရင်းကောက်ကွက်ပေါင်း ၁၇၄ ကွက်ရှိပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို စာရင်းစစ်၊ စာရင်းကောက် ၉၅ ဦးတို့က လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိရေးအတွက် ရပ်ကွက်/ ကျေးရွာများ အတွင်းရှိ အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာများကို အချက်(၆၈)ချက်ပါ မေးမြန်းချက်များဖြင့်လည်းကောင်း၊ အဖွဲ့အစည်းများကို အချက်(၁၈)ချက်ပါ မေးမြန်းချက်များဖြင့်လည်းကောင်း (Mobile Tablet) များအသုံးပြု၍  CAPI(Computer Assisted Personal Interviews) နည်းပညာဖြင့် တစ်အိမ်တက်ဆင်း လိုက်လံကောက်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)