မန္တလေး အောက်တိုဘာ ၅
မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးကကြီးမှူးကျင်းပသော ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်း၊ ပန်းမျိုးတစ်ရာခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ တိုင်းဒေသကြီးပညာရေးမှူး ဦးကျော်မိုးထွန်း၊ ညွှန်ကြားရေးမှူးများဖြစ်ကြသော ဦးအောင်ဆွေဦး၊ ဦးကြည်စိန်၊ ဒုတိယညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ကြသည်။
အစီအစဉ်အရ တိုင်းဒေသကြီးပညာရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများအား ဂုဏ်ပြုကန်တော့ရန်ဆောင်ရွက်ခဲ့ရသည့် အခြေအနေများကိုတင်ပြပြီး ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများအား ကန်တော့ပစ္စည်းများ ပေးအပ်ကြသည်။
ထို့နောက် ကန်တော့ခံ ဆရာကြီး၊ဆရာမကြီးများအား တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ အထက်တန်း၊ အလယ်တန်းကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများက ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြပြီး ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကိုယ်စား တိုင်းဒေသကြီးပညာရေးမှူး(စစ်ဆေး)(ငြိမ်း)ဆရာကြီး ဦးအောင်ကြွယ်က ဆုပေးစကား ပြောကြားသည်။
ယနေ့ အခမ်းအနားတွင် တစ်မြို့နယ်လျှင် ဆရာကြီး၊ ဆရာမကြီးတစ်ဦးစီနှင့် အခြေခံပညာဦးစီးဌာနမှ အသက်(၇၀)နှစ်အထက်နှင့် ဒုတိယညွှန်ကြားရေးမှူးအထက်ရှိသူ (၁၇)ဦး၊ စုစုပေါင်းဆရာကြီးဆရာမကြီး(၄၅)ဦးကို ပူဇော်ကန်တော့ခြင်းဖြစ်ကြောင်း သိရသည်။
(မြို့နယ်၊ပြန်/ဆက်)