ကျောက်ပန်းတောင်း အောက်တိုဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အကြိမ်(၆၀)မြောက် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ယနေ့၌ စံပြရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပညာဂုဏ်ရောင်ဓမ္မာရုံတွင်ပြုလုပ်ရာ အသက်(၇၀)နှစ်နှင့်အထက် သက်ပြည့်အငြိမ်းစားဆရာကြီး/ ဆရာမကြီးများ တက်ရောက်ကန်တော့ခံခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် တက်ရောက်လာသည့် အသက်(၇၀)နှစ်နှင့်အထက် သက်ပြည့်အငြိမ်းစား ဆရာကြီး/ ဆရာမကြီးများအား ဂါရဝပြုကန်တော့ရန်အတွက် ကန်တော့ပွဲနှင့် ဆီမီးတိုင်များထွန်းညှိကြပြီး တက်ရောက်လာသည့် ဒုတိယမြို့နယ်ပညာရေးမှူးနှင့် လက်ထောက်ပညာရေးမှူးများ၊ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ် ဆရာကြီး/ ဆရာမကြီးများနှင့် ဆရာ/ ဆရာမများက ကန်တော့ချိုးဖြင့် ရိုသေစွာဦးချကန်တော့ကြသည်။ ယင်းနောက် ကန်တော့ခံ ဆရာကြီး/ဆရာမကြီးများအား ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်စိုးသင်းနှင့် ဆရာကြီး/ဆရာမကြီးများက ကန်တော့ငွေများ လက်ဝယ်အရောက် ဂါရဝပြုပေးအပ်ကြသည်။ ယင်းနောက် ကန်တော့ခံဆရာကြီး/ဆရာမကြီးများကိုယ်စား ဆရာမကြီး ဒေါ်ရွှေပေါ(ခရိုင်ပညာရေးမှူး/ငြိမ်း)က ဩဝါဒစကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ အခမ်းအနားသို့ အသက်(၇၀)နှစ်နှင့်အထက် သက်ပြည့်အငြိမ်းစား ဆရာကြီး/ ဆရာမကြီး(၁၉၃)ဦး ရှိသည့် အနက်(၇၅)ဦး တက်ရောက်ခဲ့ကြပြီး မတက်ရောက်နိုင်သည့် ဆရာကြီးဆရာမကြီးများအတွက် ကန်တော့ပွဲဖြစ်မြောက်ရေးအဖွဲ့မှ အိမ်တိုင်ရာရောက်သွားရောက်၍ ကန်တော့ငွေများ ပေးအပ်ကြမည့်ဖြစ်ကြောင်းသိရပြီး အခမ်းအနားသို့ ဒုတိယမြို့နယ် ပညာရေးမှူးနှင့် ဆရာ/ဆရာမ ၆၀ ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)