ကချင်ပြည်နယ်ဝန်ကြီးချုပ် နောင်တာလောရေလယ်ကျွန်း သဲသောင်ပေါ်တွင် မြေပဲ၊ ကြက်သွန်နီနှင့် ပန်းနှမ်းများ စိုက်ပျိုးနိုင်ရေး၊ မြစ်ရေကြီးမြင့်မှုမှ ကြိုတင်ကာကွယ်ရေး မြစ်တွင်းသဲသောင်တူးခြင်းလုပ်ငန်းဆောင်ရွက်မည့် အခြေအနေအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

မြစ်ကြီးနား အောက်တိုဘာ ၅

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယမန်နေ့မွန်းလွဲ ၂ နာရီက နောင်တာလောရေလယ်ကျွန်း သဲသောင်ပေါ်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ရုံးကြီးလမ်းနှင့် ကမ်းနားလမ်းထောင့် ဧရာဝတီမြစ်ဆိပ်မှတစ်ဆင့် မီးသတ်ဦးစီးဌာနပိုင် အမြန်ရေယာဉ်များဖြင့် ဝိုင်းမော်မြို့နယ်အပိုင် နောင်တာလောသဲသောင်ပြင်သို့ သွားရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဧရာဝတီမြစ်ရေမြင့်တက်ခဲ့မှုကြောင့် သဲနှုန်းပို့ချမှုများပြားခဲ့သဖြင့် သဲသောင်ဖြစ်ထွန်းမှု မြင့်တက်လာကာ သဲသောင်မြေအား စိုက်ပျိုးရေးလုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်ရေး မြေဆီလွှာဖြစ်ထွန်းမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆီထွက်သီးနှံဖြစ်သည့် မြေပဲနှင့် ပန်းနှမ်း တစ်မျိုးမျိုးစိုက်ပျိုးနိုင်ရေးနှင့် ကြက်သွန်နီပါတွဲဖက်စိုက်ပျိုးနိုင်ရေး ဝိုင်းမော်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များဖြင့် ကျွန်းနေတောင်သူများအား ဆက်သွယ်စည်းရုံးဆောင်ရွက်ရေး၊ လိုအပ်သည့် စိုက်ပျိုးရေးသွင်းအားစုများ အစိုးရအဖွဲ့မှ ပံ့ပိုးပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် သဲသောင်ပေါ်မှတစ်ဆင့် ယခုနှစ် ဇွန် ၃၁ ရက်နေ့နှင့် ဇူလိုင် ၁ ရက်နေ့တို့တွင် မြစ်ရေစံချိန်တင်ကြီးမြင့်မှုကြောင့် ဧရာဝတီမြစ်ကြောင်း ပြောင်းလဲမှုဖြစ်ပေါ်နိုင်ခြေရှိသည့်အပေါ် ကြိုတင်ကာကွယ်နိုင်ရေး ပြည်နယ်ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိန်လွင်က မြစ်ကြမ်းပြင်မြင့်တက်မှုကြောင့် မြို့ဧရိယာအတွင်း သဲသောင်ဖြစ်ထွန်းမှုအပေါ် ဦးစီးဌာနက မြစ်အတွင်း သဲနှုန်းတူးဖော်သွားမည့်လုပ်ငန်းစီမံကိန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းစီမံကိန်းများကို အမြန်ဆုံးဆောင်ရွက်နိုင်ရေးနှင့် မြစ်ကြောင်းရှင်းလင်းရေးလုပ်ငန်းနှင့် တစ်ဆက်တစ်စပ်တည်းဆောင်ရွက်ရမည့် လုပ်ငန်းများကို ဖြည့်စွက်သုံးသပ်ဆွေးနွေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဧရာဝတီမြစ်အတွင်းမှ နောင်တာလော ရေလယ်ကျွန်းတစ်လျှောက် စိုက်ပျိုးရေးလုပ်ငန်းများ တွန်းအားပေးတိုးချဲ့ဆောင်ရွက်နိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်