လွိုင်လင် အောက်တိုဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သောကြောင့် ပျက်စီးသွားခဲ့သော လွိုင်လင်-ပန်ကေတု-သီပေါလမ်း မိုင်(၉၀/၄-၉၀/၅)ကြား တံတား အမှတ် ၃/၉၁ အရှည် ၃၆၀ ပေရှိ ဆားတောတံတားချည်းကပ်လမ်းမှာ အောက်တိုဘာလ ၄ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ယာဉ်များစတင်သွားလာနိုင်ပြီဖြစ်ပါသည်။
ဆားတောတံတားချည်းကပ်လမ်းမှာ အောက်တိုဘာလ ၁ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းခဲ့သော သီပေါဖက်ခြမ်း ကမ်းကပ်ခုံ A1 အောက်ခြေ ရေတိုက်စားပြီး ချည်းကပ်လမ်း အလျား ၅၅ ပေ၊ အကျယ် ၃၀ ပေ၊ အမြင့် ၂၂ ပေမှာ ရေတိုက်စားမျောပါသွားခဲ့ပြီးယာဉ်ကြီး၊ ယာဉ်ငယ်များ သွားလာ၍မရတော့ဘဲ လမ်းကြောင်းပြတ်တောက်မှုဖြစ်ခဲ့ပါသည်။
အဆိုပါ တံတားကို အောက်တိုဘာလ ၂ ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လွိုင်လင် ခရိုင်လမ်းဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး၊ မိုင်းကိုင်မြို့နယ် ဦးစီးအရာရှိ(မြို့ပြ) အငယ်တန်းအင်ဂျင်နီယာ(၂)တို့မှကြီးကြပ်၍ Backhoe(၂)စီး၊ Loader(၁)စီး၊ မြေသယ်ယာဉ် (၆)စီးတို့ဖြင့် ရေလမ်းကြောင်းဖြောင့်ပေးခြင်း၊ မျောရိုက်ပြီးကတ္တရာပေပါပြားကာရံခြင်း၊ ကျောက်ကြီး ဖြည့်ခြင်း၊ ချည်းကပ်လမ်းတာဘောင်ဖို့ခြင်း လုပ်ငန်းများဆောင်ရွက်ပေးခဲ့ရာ အောက်တိုဘာလ ၄ ရက်နေ့ ညနေပိုင်းမှစ၍ ယာဉ်များသွားလာနိုင်အောင် ဆောင်ရွက်ပြီးဖြစ်ကြောင်း လမ်းဦးစီးဌာနမှ သိရှိရပါသည်။
သိန်းသန်း(ပြန်/ဆက်)