ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း ကျောက်ဖြူမြို့နယ်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှု လှည့်လည်ကြည့်ရှု၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

စစ်တွေ အောက်တိုဘာ ၅

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၃ ရက်နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့နယ်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုလှည့်လည်ကြည့်ရှုပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့များကအိမ်တိုင်ရာရောက် သန်းခေါင်းစာရင်းကောက်ယူနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြရာ ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစောနိုင်၊ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျောက်ဖြူမြို့နယ်အတွင်း စာရင်းကောက်ယူနေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စေတီရပ်ကွက်အတွင်း စာရင်းကောက်ယူရေးအဖွဲ့များက စာရင်းကောက်ယူနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး စာရင်းကောက်ခံရာတွင် ပူးပေါင်းပါဝင်ကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂုံးချွိန်ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါဘုန်းတော်ကြီးကျောင်း၌ ကျောက်ဖြူအထူးစီးပွားရေးဇုန် တိုးတက်တည်ဆောက်ရေးစီမံကိန်းမှ ပြည်သူ့အကျိုးပြုလုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက်သည့် ကျောက်ဖြူအနာဂတ်ရွေ့လျားဆေးခန်းဖွင့်လှစ်ကာ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး ဆရာဝန်၊ သူနာပြုများနှင့် လူမှုအဖွဲ့အစည်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် ရောက်ရှိလာကြသော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂုံးချွိန်ကျေးရွာရှိ ၁၃၅ မဂ္ဂါဝပ်သဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံစီမံကိန်း(Power China)ကုမ္ပဏီသို့သွားရောက်ပြီး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါ စီမံကိန်းရှင်းလင်းဆောင်၌ ကုမ္ပဏီမှတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး စီမံကိန်းဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့်အခြေအနေ၊ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိနိုင်မည့်အခြေအနေများ၊ ဒေသတွင်းလူမှုစီးပွားအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများစသည့်ကဏ္ဍများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး စီမံကိန်းတွင် တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံခြားသားများအား ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့များက လာရောက်စာရင်းကောက်ယူနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှေးဟောင်းသမိုင်းဝင် ပေါ်တော်မူကံ့ကော်တောဘုရားအား သွားရောက်ဖူးမြော်ကာ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ပြီး ဘုရားကြီးသိမ်တော် ဘက်စုံပြုပြင်မွမ်းမံနိုင်ရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းကြသည်။

နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရိပ်သာ၌ နေပြည်တော်တွင်ကျင်းပမည့် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ရခိုင်ပြည်နယ်ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများ၊ အုပ်ချုပ်၊ နည်းပြများနှင့် တွေ့ဆုံကြသည်။

တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြိုင်ပွဲဝင်အားကစားသမားများအား နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်ခြင်းအားဖြင့် မိမိပြိုင်ပွဲဝင်ရမည့် ကစားနည်းတစ်ခုချင်းအပေါ်တွင် ကျွမ်းကျွမ်းကျင်ကျင်၊ ပိုင်ပိုင်နိုင်နိုင်ဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ကြမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲသို့သွားရောက် ယှဉ်ပြိုင်သည့်အခါတွင်လည်း ပြိုင်ပွဲဝင်များအနေဖြင့် စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် တစ်စိတ်တစ်ဝမ်းတည်း သွားရောက်ယှဉ်ပြိုင်ကြရန် မှာကြားလိုကြောင်း၊ တစ်ဦးလိုအပ်ချက်ကိုတစ်ဦးက ဖြည့်ဆည်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အချင်းချင်း တစ်ဦးလိုအပ်ချက်ကို အပြစ်မမြင်ဘဲ အပြုသဘောဖြင့်ထောက်ပြပြင်ဆင် ပေးကြရန်လိုအပ်သကဲ့သို့ နည်းပြများ၊ အုပ်ချုပ်သူများကလည်း ပြိုင်ပွဲဝင်များအပေါ် မိမိ၏ရင်နှစ်သားတစ်ဦးကဲ့သို့ ထောက်ပြစရာရှိသည်ကို ထောက်ပြ၊ ဆုံးမစရာရှိသည်ကိုဆုံးမ၊ သွန်သင်စရာရှိသည် သွန်သင်ပေးကြရန်လည်း မှာကြားလိုကြောင်း၊ မိမိပြည်နယ်၏ ဂုဏ်ဆောင်နိုင်ရန် စည်းကမ်းတကျကြိုးစားယှဉ်ပြိုင်ရင်း မိမိတို့၏ကျန်းမာရေးကိုလည်း အထူးဂရုပြု နေထိုင်ကြရန်မှာကြားလိုကြောင်း၊ အုပ်ချုပ်သူများ၊ ပံ့ပိုးသူများ၊ နည်းပြများ၊ ပြိုင်ပွဲဝင်များအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ပြည်နယ်၏ကိုယ်စား ကာယဉာဏစွမ်းအားစိုက်ထုတ်ပြီး အားသွန်ခွန်စိုက် ကြိုးပမ်းယှဉ်ပြိုင်ကာ ပြည်နယ်အတွက် ရွှေတံဆိပ်များများ ဆွတ်ခူးနိုင်ကြပါစေ၊ ပြည်နယ်၏ ဂုဏ်ကိုဆောင်နိုင်သည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်ကြပါစေဟု ဆုမွန်ကောင်းတောင်း အမှာစကားပြောကြားသည်။

ထို့နောက် ခရိုင်အားကစားမှူးက အားကစားသမားများ၏ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားနည်းများအားရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က အားကစားသမားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေး စကားပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါရိပ်သာ၌ ကျောက်ဖြူခရိုင်နှင့် မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား တွေ့ဆုံသည်။ ဦးစွာ ကျောက်ဖြူခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းသူက ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် မလိုလားအပ်သော နေရာများသို့ မရောက်ရှိစေရေးအတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးအတွက်ဆောင်ရွက်နေမှု၊ ပြည်သူများအဆင်ပြေမှုရှိစေရေးအတွက် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ တရားမဝင်ကုန်စည်များ သယ်ယူပို့ဆောင်ခြင်းမရှိစေရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ကြရန် အကြံပြုဆွေးနွေး တင်ပြကြသည်။

ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကျောက်ဖြူမြို့နယ်အတွင်းရှိ ပြည်သူများအတွက် လိုအပ်ချက်များကို စီမံချက်များရေးဆွဲဆောင်ရွက်ထားရန်လိုကြောင်း၊ စက်သုံးဆီ၊ စားသုံးဆီ၊ စားသုံးကုန်စသည့်လိုအပ်ချက်များကို ကော်မတီတစ်ရပ်ဖွဲ့စည်းကာ စီမံဆောင်ရွက်ထိန်းကျောင်း ပေးရမည်ဖြစ်ကြောင်း၊ ကုန်ပစ္စည်းများရောက်ရှိသည့်အခါတွင်လည်း ကော်မတီဖြင့်စစ်ဆေးခြင်း၊ ဖြန့်ခွဲခြင်း၊ မလိုလားသောနေရာများသို့ မရောက်ရှိစေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်သူများ အဆင်ပြေမှုရှိစေရေးအတွက် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ထို့ပြင်တရားမဝင်ကုန်စည်များသယ်ယူပို့ဆောင်ခြင်းမရှိစေအတွက် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပြီး ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရန်ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ကြရန် အမှာစကားပြောကြားခဲ့သည်။

ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့၊ မြို့မအားကစားကွင်း၌ ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့တက်ရောက် ကြည့်ရှုအားပေးကြသည်။

ဦးစွာ ဗိုလ်လုပွဲအဖြစ် တောင်ရင်း(FC)အသင်းနှင့် ငလပွေ့(FC)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပွဲကစားချိန်ပြီးဆုံးသည်အထိ တစ်သင်းနှင့်တစ်သင်းအနိုင်ရရှိခြင်း မရှိသည့်အတွက် အချိန်ပိုကစားကြပြီး နောက်ဆုံး တောင်ရင်း (FC)အသင်းက ပိုင်နာသီအဆုံးအဖြတ်ဖြင့်အနိုင်ရရှိခဲ့သည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ကျင်းပရာ ဘောလုံးပြိုင်ပွဲတွင် ပါဝင်ကူညီခဲ့ကြသည့် ဌာနဆိုင်ရာများ၊ ဒိုင်လူကြီးများနှင့် အကောင်းဆုံးဆုရအားကစားသမားများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တာဝန်ရှိသူများကလည်းကောင်း၊ တတိယဆုရရှိသောအသင်းအား ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက လည်ဆွဲဆုတံဆိပ်နှင့်ငွေသားဆုအားလည်းကောင်း၊ ဒုတိယဆုရရှိသော ငလပွေ့(FC)အသင်းအား ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကလည်ဆွဲဆုတံဆိပ်နှင့် ငွေသားဆုအားလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တံခွန်စိုက်ဆုရရှိသော တောင်ရင်း(FC) အသင်းအား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုတို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့ပြင် တံခွန်စိုက်ဆုရရှိသော တောင်ရင်း(FC)အသင်းအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ပြုဆုငွေ (၅)သိန်းကျပ်၊ ဒုတိယဆုရရှိသော အသင်းအားဂုဏ်ပြုဆုငွေ(၃)သိန်းကျပ်နှင့် တတိယဆုရရှိသောအသင်းအား ဂုဏ်ပြုဆုငွေ(၂)သိန်းကျပ်တို့ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)