ကျိုက်ထို အောက်တိုဘာ ၅
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆံတော်ရှင်ကျိုက်ထီးရိုးဘုရားပွဲတော်ဖွင့်ပွဲအား သီတင်းကျွတ်လပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် ကျိုက်ထီးရိုးဘုရားသို့ပို့ဆောင်ပေးမည့် တောင်တက်မော်တော်ယာဉ်များ ကြံ့ခိုင်မှုရှိ/မရှိ စစ်ဆေးမှုကို ယနေ့နံနက်ပိုင်းတွင် ဘုရားသုံးဆူထိုင်တော်မူဘုရားတောင်ခြေ၌ ပြုလုပ်ခဲ့သည်။
ယင်းသို့ပြုလုပ်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ တောင်တက်မော်တော်ယာဉ်အသင်းဥက္ကဋ္ဌဦးမျိုးမြင့်နှင့်အဖွဲ့ဝင်များတို့မှ တွေ့ဆုံညှိနှိုင်းပြီး ဘုရားဖူးပြည်သူများအန္တရာယ်ကင်းရှင်းစွာဖြင့် စိတ်ချမ်းသာစွာဖူးမြော်နိုင်ရန် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါယာဉ်ကြံ့ခိုင်မှုစစ်ဆေးခြင်းကို ကုန်လမ်းပို့ဆောင်ရေးဦးစီးဌာနမှ ဦးမျိုးသူရ၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ ဒေါ်ခင်မေအုန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းဇော်ဦး၊ ပြည်နယ်လက်ထောက်အင်ဂျင်နီယာဦးနေမျိုးသူ၊ သထုံခရိုင်အမှတ်(၇၈) ယဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲအုပ်ဖြိုးသူခိုင်၊ ကျိုက်ထိုမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ် ထွန်းလွင်ဦးနှင့် ယာဉ်လုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဝင်းမောင်တို့မှ တောင်တက်မော်တော်ယာဉ်(၁၅၂)စီးအား စတီယာတိုင်၊ အင်ဂျင်ပါဝါ၊ တာယာ၊ ရှေ့မီး၊ နောက်မီး၊ ဘရိတ်မီး၊ မော်တော်ယာဉ်ကြမ်းခင်း၊ ခရီးသည်များသက်တောင့်သက်သာ ထိုင်စီးနိုင်ရန်ထိုင်ခုံများအား အသေးစိတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)