နမ့်စန်(တ) အောက်တိုဘာ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ကန်တော့ပွဲကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်) သရဖီခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်က ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထိုနောက် အငြိမ်းစားဆရာကြီး/ဆရာမကြီးများအား ဆရာကန်တော့ချိုးဖြင့်ကန်တော့၍ ဂါရဝပြုပူဇော်ငွေများပေးအပ်ခဲ့ရာ ဆရာကြီး/ဆရာမကြီးများကိုယ်စား အငြိမ်းစားဆရာကြီး ဦးလှဝင်းနှင့် အငြိမ်းစားဆရာမကြီး ဒေါ်သိန်းသိန်းမြင့်တို့က ဩဝါဒစကားများ ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ကန်တော့ပွဲသို့ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်လင်းလင်းထိုက်နှင့် ပညာရေးဌာနမှတာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့်ဆရာ/ဆရာမများတက်ရောက်ခဲ့ပြီး နမ့်စန်မြို့နယ်အတွင်းရှိ အငြိမ်းစားဆရာကြီး/ဆရာမကြီး စုစုပေါင်း(၃၆)ဦးကို တစ်ဦးလျှင် ငွေကျပ်(၅)သောင်းစီ ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။
သူရအောင်(နမ့်စန်)