လင်းခေး အောက်တိုဘာ ၅
လူတိုင်းတန်းတူညီမျှအခွင်းအရေး ရရှိနိုင်စေရေးနှင့် လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိနိုင်စေရေးတို့အားရည်ရွယ်လျက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် သန်းခေါင်စာရင်းကောက်ယူရေးကော်မတီကကြီးကြပ်၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို တာဝန်ရှိသူတို့က ယနေ့ နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မြို့နယ်အဆင့်သန်းခေါင် စာရင်းစစ်/စာရင်းကောက်သူများအား ကောက်ကွက်(၁၆၀) နေရာ၊ စာရင်းကောက်အဖွဲ့(၁၂)ဖွဲ့တို့ဖြင့် အောက်တိုဘာ(၂၀)ရက်နေ့အထိ မြို့ပေါ်(၈)ရပ်ကွက် နှင့်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု/ကျေးရွာများအသီးသီးသို့ တစ်အိမ်တက်ဆင်းအိမ်တိုင်ရာရောက် ကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီမှ သိရှိရပါသည်။
ထိုသို့ကွင်းဆင်း ဆောင်ရွက်နေမှုအခြေအနေအား စစ်ဗျူဟာအဖွဲ့၊ (အခြေချ) (လင်းခေး)မှ စစ်ဗျူဟာမှူးဗိုလ်မှူးကြီး ကျော်ထွန်းလတ်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်း၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းတင်မိုးဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြို့ဆောင်နှင့်တာဝန်ရှိသူတို့က လှည့်လည် ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)