ကျောက်ဆည် အောက်တိုဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဟံမြင့်မိုရ်ကျေးရွာပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယမန်နေ့ မွန်လွှဲပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျေးလက်စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း (RBS) စီမံကိန်းရန်ပုံငွေ သိန်း(၃,၀၀)ကျပ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးက ကျေးလက်စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း (RBS) စီမံကိန်း၏ မျှော်မှန်းချက်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပြည်သူများအနေဖြင့် စီမံကိန်းလုပ်ငန်းများအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ပြီး မိသားစုအကျိုး၊ ဒေသစီးပွားအကျိုးစီးပွားများအောင်မြင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန် အမှာစကားပြောကြားခဲ့ပြီး ဒေသမျိုးရင်း မျိုးကောင်း မျိုးသန့် နို့စားနွားမကောင်ရေ(၂၁)ကောက်မွေးမြူရန်အတွက် စီမံကိန်းရန်ပုံငွေ သိန်း (၃,၀၀)ကျပ်အား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် အသက်မွေးဝမ်းကျောင်းအစုအဖွဲ့(၄)မှ ကိုယ်စားလှယ်များထံ လက်ဝယ်အရောက်လွှဲပြောင်းပေအပ်ခဲ့ကြောင်း သိရသည်။
ဟံမြင့်မိုရ်ကျေးရွာတွင် အိမ်ခြေ(၆၁၄)အိမ်၊ အိမ်ထောင်စု(၆၂၄)စု လူဦးရေ(၃၀၃၀)ဦး နေထိုင်လျက်ရှိပြီး ကျေးလက်စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း (RBS) စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ကိုင်သူများအတွက် လိုအပ်သောငွေကြေးအရင်းအနှီးများရရှိစေခြင်း၊ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာဗဟုသုတနှင့် နည်းပညာများရရှိခြင်းဖြင့် စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏ စီးပွားရေးလုပ်ငန်းများ ပိုမိုအားကောင်းဖွံ့ဖြိုးလာစေခြင်၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများအား အစုအဖွဲ့စနစ်ဖြင့်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးလာစေခြင်း၊ မိသားစုဝင်ငွေတိုးပွားစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိလာစေခြင်း၊ ဒေသထွက်ကုန်အပေါ်အခြေခံသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေခြင်း၊ ကျေးရွာတစ်ရွာထွက်ကုန်တစ်မျိုးလုပ်ငန်းများ အထောက်အကူဖြစ်စေခြင်းစသည့် အကျိုးကျေးဇူးများ ခံစားရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
သက်မောင်၊ကျောက်ဆည်