ဟိုပုံးမြို့နယ်၌ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်ရည်ရွယ်၍ဖွင့်လှစ်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

ဟိုပုံး အောက်တိုဘာ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေရန်နှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်ရည်ရွယ်၍ ဖွင့်လှစ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းအခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသဦးစီးမှူး ဦးဝင်းကျော်မျိုးက သင်တန်းဆင်းအမှာစကား ပြောကြားသည်။

ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်လှသိန်း၊ ဒေသအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်း၊ ဒေသပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်း၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသဦးစီးမှူး ဦးဝင်းကျော်မျိုးနှင့်တာဝန်ရှိသူများက သင်တန်းမှထွက်ရှိသော ကုန်ချောပစ္စည်းများအား သင်တန်းသူများလက်ဝယ်သို့ ပေးအပ်သည်။

အဆိုပါ အခြေခံစက်ချုပ်နည်းပညာသင်တန်းအား စက်တင်ဘာလ ၅ ရက်နေ့မှ အောက်တိုဘာလ ၄ ရက်နေ့အထိ တစ်လတာ သင်တန်းသူ ၁၄ ဦးဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မွမ်းမံစက်ချုပ်နည်းပညာသင်တန်းအား အောက်တိုဘာလ ၁၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ ၁၅ ရက်တာ ဖွင့်လှစ်ပေးမည်ဖြစ်ကာ ထူးချွန်သင်တန်းသူ ၅ ဦးအား သတ်မှတ်ချက်များနှင့်အညီရွေးချယ်၍ လုပ်ငန်းထူထောင်ရန်လိုအပ်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း  ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)