မောက်မယ် အောက်တိုဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် မိမိတို့မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို မီးဘေးအန္တရာယ်မှတားဆီးကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက စနစ်တကျရှာဖွေကယ်ဆယ်ရေးများဆောင်ရွက်နိုင်ရန်၊ ပြည်သူ့အကျိုးပြုတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စည်းကမ်းကောင်းမွန်ပြီး စွမ်းရည်ပြည့်ဝစွာပါဝင်ဆောင်ရွက်နိုင်ရေးစသည် မွန်မြတ်သည့်ရည်ရွယ်ချက်များဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ) အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် နိုင်ငံတော်အားမီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့မှ ကာကွယ်တားဆီးစောင့်ရှောက်ရေးတာဝန်အပြင် နိုင်ငံတော်အတွက် အရေးကြုံလာပါက လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးသတ်ပညာဘာသာရပ်၊ ရှာဖွေကယ်ဆယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးပညာရပ်များကို သင်ကြားပို့ချပေးခဲ့ပြီဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ထူးချွန်ဆုရရှိသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များတို့က ဆုများအသီးသီးပေးအပ်ကာ အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသားများ(၅၀)ဦးအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းလင်းအောင်က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)